Wednesday, March 11, 2009

အညာလေက ခါးခဲ့သလား . . . စာဥ

ပင်အိုရိုင်းတွေတောင်
ယဉ်ကျေးမှု အလိုက်နဲ့ ပေါက်ရောက်နေကြပြီ
အညာလေက ခါးခဲ့လို့လား. . .
မြို့ကြီးရောက်နေတဲ့. . . စာဥ ရယ်

တစ်နှစ်က ဥသြလေးတောင်
ဒီ တမာပင်လေးကို ပြန်ရောက်လာလေသလား
ငါ နဲ့ တမာအိုပင်ကြီးကတော့
နွေရာသီ အဟောင်းလေးကိုပဲ လွမ်းတယ် ၊၊

ရေခပ်ဆင်းချိန်တွေမှာ
ခရမ်းရောင်ပန်းလေး မပွင့်တာ ကြာပြီ
ပန်းရိုင်းကပွဲတွေမှာ
ငါ့ မယ်ဒလင်လေး နင့်ရှေ့မရောက်တာ ကြာပြီ ၊၊

ကွမ်းတောင်ကလေးက နင့်လက်ဗွေရာကို
မျှော်ငေးရပ်တည်နေလေရဲ့ . . .
လယ်စောင့်တဲရဲ့ လယ်ကွင်းအဝါလေးကို
နင် စိတ်ဦးမလှည့်မိဘူးလား . . . စာဥ

စာဥ ရေ . . .
နင့် နဖူးမှာ ဘယ်နှုတ်ခမ်းတွေ ပွင့်နေပြီလဲ
ဒါမှမဟုတ် . . .
ဘယ် ကာဖီ ခါးခါးတွေက နင့် နှုတ်ခမ်းကို သောက်သုံးနေပြီလဲ ၊၊

အတိတ်ဆိုတာ . . . တစ်ကယ်တော့
နင့် နောက်ကျော နဲ့ နင့် အရိပ်ပါပဲ . . .
နှုတ်ခမ်းတွေ တင်းတင်းပိတ်ထားတုန်းလား
ပါးစပ်ပါရင် ရွာရောက်ပါတယ် ကွယ် . . .

ငါ့ ၁၂ ရာသီရဲ့ ရာသီဥတုမလေး ရေ
ငါ့ အညိုရောင်ပါးကွက်ကြား ရွာသူမလေး ရေ
ငါ့ လှောင်ချိုင့်တွေရဲ့ ထိတ်တုံးမလေး ရေ
အရင်လို နှစ်လိုဖွယ်ပြုစားဖို့ ပြန်ဖန်ဆင်းမယ် မဟုတ်လား

အခုတော့ . . . မျှော်လင့်ချက်တစ်ခွဲသားနဲ့ကြွေတဲ့
တမာရွက်အိုတွေပဲ တမှတ်တရကောက်သိမ်းနေရတယ် . . .
လှေနံဓားထစ်မြို့ပြရောက် . . . ချစ်တဲ့ စာဥ ရေ
အ ညာ လေ က ခါး ခဲ့ ပါ သ လား ကွယ် . . .

3 comments:

အမည်မဲ့ said...

ငါ့ ၁၂ ရာသီရဲ့ ရာသီဥတုမလေး ရေ
ငါ့ အညိုရောင်ပါးကွက်ကြား ရွာသူမလေး ရေ
ငါ့ လှောင်ချိုင့်တွေရဲ့ ထိတ်တုံးမလေး ရေ
အရင်လို နှစ်လိုဖွယ်ပြုစားဖို့ ပြန်ဖန်ဆင်းမယ် မဟုတ်လား


တွံ့တေးသိန်းတန်ကို သတိရသလို ... ရောသမမွှေရေးတာလေးကို သဘောကျမိတယ် .. . တွံ့တေးသိန်းတန်ကို မင်းခိုက်စိုးစန်လိုရေးလိုက်သလိုပဲ ... ဒါတွေဟာ အသစ်တစ်ခုဖြစ်လာတော့တာပေါ့ ....

Ðaywalker[Soul] said...

ဒီကဗျာလေးကို အရမ်းကြိုက်သွားပြီဗျာ....၊ ကျွန်တော့ရဲ့ ဒီစာမျက်နှာလေးမှာ ယူသုံးချင်လို့ ခွင့်တောင်းပါတယ်။ လင့်လည်း ထည့်ပေးမှာပါ။ အညာအကြောင်းအရာလေးမို့လို့ပါ။ ခွင့်ပြုမယ်လို့ မျှော်လင့်မိပါတယ်။

Unknown said...

ခိ...သာဂိရယ် ................ငိုပါနဲ့..ညောင်ညိုပင်အောက်မှာစောင့်ပါဟယ်..