Tuesday, May 19, 2009

မီးမလောင်ခင် ချနင်းသွားတဲ့ ရွှေခြေကျင်းတစ်စုံ

အိပ်မက်တွေမှာ ကျွန်တော်မရှိတော့

ကျွန်တော့ကို ပျောက်ဆုံး

ကျွန်တော်က ပျောက်ဆုံး

ကျွန်တော့်မှာ အိပ်မက်တွေမရှိတော့ဘူး၊၊



မျက်နှာချင်းဆိုင်ခွင့်မရှိ

ကျောခိုင်းခွင့်မရှိ

နှုတ်ဆက်ခွင့်မရှိ

မရှိဖို့လေးတောင် မရှိခဲ့ပြန်ဘူး၊၊


ဒီလိုပါပဲ. . . . . . . ဆုံးရှုံးခဲ့

သေဆုံးခြင်းတွေမှာ ရှင်ကျန်ရစ်ခဲ့

ရှင်သန်မှုတွေမှာ ပျောက်ဆုံးခဲ့

ဒီလိုပါပဲ....ဘာမှမထူးခြားခဲ့ပါဘူး ၊၊

မီးတွေက မီးတွေလိုလောင်နေပြီ
ပြာကျသွားအောင်
ဖြာကျသွားအောင်
မီးတွေက မီးတွေကိုပါလောင်ကုန်ကြပေါ့. . . . ၊၊

ရင်နဲ့ရင်းခဲ့သမျှက ပြတ်လွင့်ရွေ့စင်
အဝေးပေါင်းများစွာထက်ကို
ဝေးသွားစေခဲ့. . . . .
ရင်နဲ့ရင်းမိသလောက်ကို ဝေးသွားခဲ့. . . . . . ၊၊

မြေနိမ့်ရာမှာ စိုက်ခဲ့တဲ့ လှံမဟုတ်ခဲ့ဘူး
ငါယုံကြည်မိတဲ့ ကောင်းကင်တော်က
စွန့်လွှတ်ပစ်ချခြင်းကို ခံခဲ့ရတဲ့
ကျိုးကျိုးပျက်ပျက် အိပ်မက်တစ်လက်ပါ. . . . . ၊၊

ရင်ကိုနင်းတဲ့ ရွှေခြေကျင်းတစ်စုံမှာ
ကွဲကြေမှုန်းလွင့် ခဲ့ . . . .
ခြေရာတွေသာ ဟောင်းသွားခဲ့တယ်
ငါ့ ဒဏ်ရာတွေက သစ်လွင်နက်ပျို ဆဲ . . . . ၊၊

ဒီထက်ပိုဝေးခွင့်ပေးပါ
လှည့်ပြန်တဲ့ခြေလှမ်းတွေမှာ
အတွေးတွေ နီးနီးသွားခဲ့
ဒီ ထက် ပို ဝေး ခွင့် ပေး ပါ . . . . . . ၊၊

လွမ်းနေတဲ့ကြားက
အဲဒီရွှေခြေကျင်းတစ်စုံကို
ငါ. . . . . .
လွမ်း မိ နေ သေး ရဲ့ . . . . . ၊၊

Thursday, May 14, 2009

ငါက ငါ့ကိုယ်ငါ မသိဘူး

ရောက်နေတာ ဘာနေ့မှန်း
မသိဘူး . . .
ပြက္ခဒိန် မကြည့်တတ်သူတစ်ယောက်လို
ဇယားကွက်ထဲ ကိန်းဂဏန်းတွေ . .
ကြောက်ကြောက် လန့်လန့်မျက် နှာ လွှဲ . . . ငါမသိဘူး
မေးနေတာလည်း
ငါမသိဘူး . . . မေ့နေတာလား
ငါမသိဘူး
မှန်တစ်ချပ်ဆီ
အမှန်ကို ကြည့်နေသူ . . . မသေရဲလို့ ကဗျာတွေထဲ
သတ်သေနေသူ
ဆေးလိပ်မသောက်ဘူး ဆုံးဖြတ်သလို
ဘယ်နှရက်နဲ့ နို့ပြတ်ခဲ့မှန်း . . . ငါမသိဘူး
ငါ့နားမှာ ခွေး တွေ အူ
ငါ့နားမှာ မီး ခိုး တွေ အူ
ငါ့နားမှာ နား တွေ အူ
ငါ့ နား တွေ အူ
ငါ . . . အူတူတူမြည်နေလား
ပီပြင်အောင်ပြောတော့
ငါ မ သိ ဘူး . . . ပီပီပြင်ပြင်ဖြစ်လားသလား
“ အမေက ကျွန်တော်အမှောင်တွေမှာ
အလင်းတွေ လိမ်းပေးတယ် ”
စကား လုံး သချိုင်္င်းလား
ဈာပန လား
အသုဘ လား
ငါမသိဘူး . . . ငါ မသိဘူး
ငါ့ကို လွှတ်ချလိုက်သလို
ငါ လွှတ်ချလိုက်တယ်
တစ်ခုခုတော့ မှန်သလို / တစ်ခုခုတော့ မှားမယ်
မကြာခင် မီးစာကုန်မလိုနဲ့
မီးစားလို့ ကုန်သွားမယ့် သဘောရှိတယ်
ငါ့ မှာ ဘာ မှ မ ရှိ ဘူး
ငါ့ မှာ တစ် ခု ခု ရှိ တယ်
ထင်တယ် ၊ ထင်တယ်
ငါမသိဘူး...ငါ ဘာကိုမှ မသိဘူး။ ။


ဇာတိ

Sunday, May 10, 2009

ကဗျာမနှုတ်လောက် အမှိုက်လာ

ရတတ်သမျှ စကားလုံးအကောင်းစား (ထင်ရတာပဲ)တွေနဲ့

တစ်ထီးတစ်နန်းဆန်နေရတာ မောတယ်

ဆန်နေရတာ လေလား၊ ရေလား၊ ကဗျာလား

(တချို့ကဗျာတွေရဲ့ အပေါစားဆန်ပုံ ဒီမှာကျွန်တော်ပြောမယ်

ကျွန်တော်တတ်သလောက်ဟာ ကျွန်တော်

မှတ်ထားသလောက်သာဖြစ်ပါတယ်) ရိုးသား

စမ်းပါ … ထိမိတာတွေ တွေ့မိတာတွေ စမ်းပါ

ဆန်းပါ လိပ်စာတပ်မထားတဲ့ ခေါင်းစဉ်ပဲ

ကြိုက်ရာလမ်းကိုသာရွေး ကိုယ့်ဖာသာကိုယ်

ဘီယာတစ်ဗူးထက်ပိုမူးနေလိုက်တာများ

မင်းပြောမှလားတဲ့

သော့နဲ့သော့ခလောက်ဟာ ရိုးသားတဲ့လက်အတွက်မဟုတ်

ဘူးဆိုတာ ကဗျာဟာ(အတင်းကြီး) ကမ္ဘာဆန်ပြနေရအောင်

သူက ဖန်ဆင်းရှင်လက်ထဲက ထွက်ကျလာတာမဟုတ်ဘူးလေ

ဟုတ်တယ် … ဟုတ်တယ်

ဖန်တီးသူရဲ့ အတွင်းသား(စစ်စစ်)

အတွင်းကရိုးသားခြင်းဟာ ကဗျာ

ဆိုတာ ဘာတွေခြစ်ထားမှန်းမသိရလောက်အောင်ကို

မင်း ရိုးသားကြည့်လိုက် ဦးနှောက်ထဲမှာ

အမှိုက်တွေ … အမှိုက်ပစ်ဦးမလား

အမှိုက်တွေ … အမှိုက်တွေ

အမှိုက်တွေ …။ ။

( ကြက်သွန် )

Friday, May 8, 2009

ကိုယ်ပေါင်ကိုယ်လှန်ထောင်းထားတဲ့ ပြဇာတ်

ကောင်းကင်ကို နင်းလို၍ ဖိနပ်ဆောင်းထားသူမှာ.....ကျွန်တော်ဖြစ်သည်၊၊
လူသိရှင်ကြား ရိုင်း၍ လိမ္မာယဉ်ကျေးရန်ရှက်တတ်သူမှာ….. ကျွန်တော်ဖြစ်သည်၊၊
ထမင်းကျွေးသောလက်ကိုပါ ဝါးစားချင်သူမှာ….. ကျွန်တော်ဖြစ်သည်၊၊
ညောင်ရေလောင်းရန် ထသွားသောအကျိုးမှာ..... ကျွန်တော်ဖြစ်သည်၊၊
ကိုယ်ပစ်တဲ့ငှက် အထီးမှန်းအမမှန်း မသိသူမှာ.....ကျွန်တော်ဖြစ်သည်၊၊
ငါးကြင်းအရေခွံ နှင့် ငါးကြင်းမျှားသောသူမှာ.....ကျွန်တော်ဖြစ်သည်၊၊
အစွယ်ကျိုးချိန် လက်သည်းဖွက်တတ်သူမှာ......ကျွန်တော်ဖြစ်သည်၊၊
ပုံသေတွေထဲ ကားခနဲကျသူမှာ......ကျွန်တော်ဖြစ်သည်၊၊
လွမ်းဖို့ပဲ တတ်၍ အလွမ်းကမတက်သူမှာ.....ကျွန်တော်ဖြစ်သည်၊၊
တစ်ခါလောင်ဘူးသော်လည်း ထင်ဖိုးနားမလည်သူမှာ.....ကျွန်တော်ဖြစ်သည်၊၊
ဟင်းဖတ်လိုချင်၍ မျက်နှာကြီးအောင် လေ့ကျင့်ခန်းလုပ်သူမှာ.....ကျွန်တော်ဖြစ်သည်၊၊
ချောင်းကိုပစ်၍ အချစ်ကိုပြောင်းလိုသူမှာ......ကျွန်တော်ဖြစ်သည်၊၊
နောက်ကျောကိုထိုးမည့်ဓားအား ကျကျနန သွေးပေးတတ်သူမှာ......ကျွန်တော်ဖြစ်သည်၊၊
ပြဿဒ် မီးလောင်စေရန် အမှိုက်ဖွတတ်သူမှာ.....ကျွန်တော်ဖြစ်သည်၊၊
ဗိုင်းငင်နေသူထံတွင်သာနေသော လအား မနာလို ဖြစ်တတ်သူမှာ.....ကျွန်တော်ဖြစ်သည်၊၊
ဖြေဆေးပေးသောလက်အား အဆိပ်သုတ်ရန် ၀န်မလေးတတ်သူမှာ.....ကျွန်တော်ဖြစ်သည်၊၊
သူတစ်ပါးဦးနှောက်အား ဆားရေစိမ်ပစ်ရန် အဆင်သင့်ဖြစ်နေသူမှာ......ကျွန်တော်ဖြစ်သည်၊၊
မှတ်တိုင်တစ်ခုတွင်ရပ်၍ တစ်ခြားမှတ်တိုင်တစ်ခုအလာကို စောင့်နေသောအရူးမှာ......ကျွန်တော်ဖြစ်သည်၊၊
အညှီကောင်းအညှီသန့်ရရန် ငါးစိမ်းတန်းသို့လမ်းလျှောက်ထွက်တတ်သူမှာ.....ကျွန်တော်ဖြစ်သည်၊၊

ကျွန်တော်ဆိုသူမှာ ဇာတိဖြစ်သည်၊၊
ဇာတိဆိုသူမှာ ဇာတိဖြစ်သည်၊၊
ဇာတိဆိုသူမှာလည်း ကျွန်တော်ဖြစ်သည်၊၊
ကျွန်တော်ဆိုသူမှာလည်း ဇာတိဖြစ်လေသည်၊၊

သို့သော်......

မိတ်ဆွေတို့မောင်းထုတ်လိုသော ခွေးတစ်ကောင်မှာလည်း
ကျွန်တော်ဆိုသော ဇာတိဖြစ်နေပြန်သည်၊၊

မျက်မမြင်တစ်ယောက် ရဲ့ “အ” နေတဲ့ အိပ်မက်တွေ

မျက်မမြင်တစ်ယောက် ရဲ့ “အ” နေတဲ့ အိပ်မက်တွေ

 

            မှော်ဆရာက “ လာမည့် မိုးရာသီတွင် နွံတွေ သည်းသည်းမှိုင်းမှိုင်း ရွာမည် ” ဟု ပြောတုန်းက ကျွန်တော် ရယ်သည် ၊၊ ကျွန်တော် မှားသည် ၊၊ ဒါ ဘယ်ခေတ်လဲ . . .  ဒါမှ မဟုတ် . . .  ဒါက ဘယ် “လ” လဲ ၊၊ ဘုရားပေးပေး ၊ ကျမ်းပေးပေး ကျွန်တော်ဘာမှ ယူမလာခဲ့ပါ ၊၊ ၁ .. ၂ .. ၃ .. ၄ .. .... ၂၉ .. ၃၀ ... ၃၁ .. ၊၊ သူ့ခမျာ “၃၁” ထက် ပိုရေတွက်၍ မရနိုင်ရှာပါ ၊၊ စိတ်မပူပါနှင့် ၊၊ အဲ့ဒီ စက္ကူပူဖောင်းလေး ပျံသွားတဲ့အချိန် ကျွန်တော် ပြန်မှာပေါ့ ၊၊ ကျွန်တော် မကြားချင်တဲ့ သတင်းတောင် သတင်းစာထဲပါနေလောက်ရောပေါ့ ၊၊ ကျွန်တော် ရယ်သည် ၊၊ ကျွန်တော် မှားသည် ၊၊ မှော်ဆရာ ပြောတဲ့ မိုးကို ကျွန်တော် မိနေပြီလေ ၊၊ ကျွန်တော်ရယ်သည် ၊၊ ရယ် သည် ၊၊

            မျက်မမြင်က “ သက်တန့်ဆိုတာ ရနံ့တစ်ခုပဲဗျ ” ဟု ပြောလိုက်တော့ ကျွန်တော်ရယ်သည် ၊၊ ကျွန်တော် မှားသည် ၊၊ ပြဇာတ် သွားကြည့်ကြမည် ၊၊ ကန့်လန့်ကာအနောက်က အသံတွေကိုပဲ လက်ခုပ်တီးပါ ၊၊ စားရကံ မကြုံသော မုတ်ဆိတ်များ “ပျား” အရှာထွက်သွားသည် ၊၊ လှေကားတွေကို ပိုက်ဆံပေးပြီး တက်ရသည် ၊၊ တံခါးတွေကို ပိုက်ဆံပေးပြီး ဝင်ရသည် ၊၊ “ နင် ငါ့ဆီက ဘာမှ မမျှော်လင့်ပါနဲ့ဟာ ” ၊၊ ဒီ လက်ရေးတွေ ကို ဘယ်သူက ခိုင်းစေခဲ့ ပါလိမ့် ၊၊ ပြာ တွေ ...... ပြာ ... တွေ ... ၊၊ မကြာခင်မှာ ပြာဖြစ်တော့မယ် ပြာ .... တွေ ၊၊ ကျွန်တော် ရယ်သည် ၊၊ ကျွန်တော် မှားသည် ၊၊ “ ဟာ.. သက်တန့်ကြီး ကိုယ်ထင်ပြနေပြီ ” ဆိုပြီး လူတွေ ဝိုင်းအုံကြည့်နေတဲ့ သက်တန့်ကို ကျွန်တော် ကြည့်တော့ ..... ၊၊ ကျွန်တော်မှားသည် ၊၊ ကျွန်တော် သက်တန့်ကို မမြင် ရ ၊၊ မျက်မမြင်ပြောတဲ့ ရနံ့တွေကိုပဲ ကျွန်တော် ရနေပြီ ၊၊ ကျွန်တော် မှားသည် ၊၊ ထို့နောက်... ကျွန်တော် ရယ်သည် ၊၊

            လူရွှင်တော်က “ လူတွေက တစ်ယောက်ယောက် ၊ တစ်ခုခုကို “ဒါ” လို့ပဲ သတ်မှတ်ရင် အဲ့ဒီ တစ်ခုခု တစ်ယောက်ယောက် ဘာဖြစ်နေနေ “ဒါ” ပဲ ၊၊ ထာဝရ “ဒါ” ပဲ ဖြစ်နေတော့မှာ ၊၊ ကျွန်တော် ဝမ်းနည်းနေတယ် ၊၊ ငိုချင်လိုက်တာ ဗျာ ” ဆိုတော့ ကျွန်တော် ရယ်သည် ၊၊ ကျွန်တော် ဟက်ဟက်ပက်ပက် ကို ရယ်သည် ၊၊ ကျွန်တော်ရယ်နေတာကို မြင်တော့ လူရွှင်တော်က ငိုသည် ၊၊ ကျွန်တော်ရယ်သည် ၊၊ ကျွန်တော်မှားသည် ၊၊ လူတစ်ချို့ ရဲ့ စကားဝိုင်းလေးတစ်ခုကို ကျွန်တော် မော့ကြည့်တော့ ကျွန်တော့်ကို “ ရှုး ” ဟုပြောသည် ၊၊ တိတ်တိတ် နေခိုင်း ခြင်းလား ၊၊ မောင်းထုတ်ခြင်းလား ၊၊ ဘာမှန်းကို မသိ ၊၊ ကျွန်တော် တိတ်တိတ်လေး ထွက်လာ တော့ သူတို့ “ ရှူး ” နှင့် သူတို့ ပတ်နေသည် ၊၊ ကျွန်တော် ဘာဖြစ်နေတာလဲ ၊၊ “ ဘာ .. ဖြစ် .. နေ .. တာ .. လဲ .. ဟာ ” ၊၊ ဟုတ် သား ပဲ ၊၊ ကျွန်တော် ဘာဖြစ်နေတာလဲ မသိဘူး ၊၊

                        “ လွမ်းတယ် . . . . .

                           သက်တန့် ရဲ့ ဟိုဖက် အခြမ်းလေးကို လွမ်းတယ် ..... ၊၊ ” (တာရာမင်းဝေ )

            ကျွန်တော် ဘာဖြစ်နေပါလိမ့် ၊၊ ရှူး .................... ရှူး ..................... ရှူး .........................၊၊ တိတ် တိတ် ကလေး ပဲ ထွက်လာခဲ့ပါမည် ၊၊ ကျွန်တော် ငိုသည် ၊၊ လူရွှင်တော်ကြီး ရဲ့ မျက်ရည်တွေ ကျွန်တော့်ဆီ လွင့်လာပြီလေ ၊၊ ကျွန်တော်မှားသည် ၊၊ ကျွန်တော်ငိုသည် ၊၊ လူရွှင်တော်ကတော့ ငိုနေလေသည် ၊၊ ကျွန်တော် ငိုသည် ၊၊

လိပ်ပြာတစ်ကောင် အတွက် ပန်းပွင့်ထောင်ချောက်
သစ်ရွက် ခူးတဲ့လက် ၊ ပန်းပွင့်ခူးတဲ့လက် ၊ လိပ်ပြာခူးတဲ့လက်
ဈာပနပွဲကတော့ ညှော်နံ့သင်းနေ......၊၊ ၊၊
ခန်းဆီးက ပြတင်းပေါက်ကို ဖွက်ထား
အိမ်မပြန်ချင်သေးပါဘူး ၊ ၁၃ ရက်နေ့မှ မရောက်သေးတာ
ခန်းစီးစတွေကို အမှောင်တွေက ဖွက်သွား
ငါ နဲ့ ငါ့နာရီလေးကတော့ တစ်နေရာတည်းမှာ အကြာကြီးရပ်နေ............ ၊၊
စောင့်ရမှာခြင်းအတူတူတော့ ငါ အခုကတည်းက စောင့်မယ်
နင်သာ မြန် မြန် ပြန် လာ ခဲ့
ရုပ်သေးတစ်ရုပ် ရဲ့ သီချင်း ၊ သိုးမည်းတစ်ကောင်ရဲ့ သီချင်း
နောက်..... မှတ်တိုင်တွေအတွက် ရေးကြမယ့် သီချင်း
သူ့ရာသီ မဟုတ်ပဲ မိုးကတော့ အုံ့နေ .... ၊၊

            ကျွန်တော် ခူးလာသော သစ်ရွက်ကလေးအား ထို ဆံမျှင်လေးများက ငြင်းပယ်လိုက်ပါသည် ၊၊ ကျွန်တော့ လက်ချောင်းများအား ငြင်းသည် ၊၊ ကျွန်တော့်အား ငြင်းသည် ၊၊ ထို့နောက် သူမ ထွက်ခွာသွားပါသည်၊၊  နံဘေးမှ ဖြတ်သွားသော အရူးမက သစ်ရွက်တွေ အများကြီး ပန်ထားသည် ၊၊ ထို့နောက် ကျွန်တော့်လက်ထဲမှ သစ်ရွက်များကို မြင်ပြီး လာတောင်းသည် ၊၊ ကျွန်တော့် သစ်ရွက်ကလေးများကိုမပေးပါ ၊၊ သစ်ပင်ကိုသာ ပြလိုက်ပါ သည်၊၊ ပြီးတော့ အရူးမ က ပြောသည် ၊၊ “ ငါ့ခေါင်းမှာ သစ်ရွက်တွေ အများကြီးပေါက်နေတော့ ... ငါ့ မျက်နှာလေး က ပန်းပွင့်နဲ့တူသွားတာပေါ့ကွယ် .... မင်း ပန်းပွင့်တွေကို ချစ်ရင် သစ်ရွက်တွေအကြောင်းလဲ စဉ်းစား ရမယ် ” ၊၊ ကျွန်တော်ရယ်သည် ၊၊ ဘယ်တော့ ငိုရမည်လဲ မသိ ၊၊

                                         စိတ်တစ်ပိုင်း သေနေတဲ့ကောင် ( ရုပ်သေး )

လဲပြိုမယ့် ပြဿဒါးလဲမရှိတော့ ....
ဒီအခန်းလဲ ဒီအငွေ့အသက်နဲ့လောင်ကျွမ်း..
ခမ်းနားပါ့မလား ....
ပဉ္စလက်မရှိတဲ့ မျက်ရည်လုပွဲ ငါ နဲ့ ငါ့ လက် နဲ့
အံဝင်ဂွင်ကျမယ့် ... ရာသီ.... မဟုတ်ဘူး ...
ငြင်းမယ် .. ငြင်းကောင်း ငြင်းလိမ့်မယ် ...
ဒီဘိုးတံကြီးနဲ့ ဒီနံရံသုံးဖက်ခြားက သံတိုင်လေရှုပေါက်နဲ့မဆိုင်ဘူး ...
ခွင် ( ဂွင် ) ကျနေတာလဲ ... မ၀ါးမျိုတတ်သေးပဲ
မီးတောက်ငယ်လေးသက်သက်
အငွေ့ထွက်နေတာနဲ့လဲ မလုံလောက်သေး ...
ဟိုဝေးဝေးမှာ လေးတင်လိုက်ပါ ...
ငါပဲ ကြယ်ဖမ်းမယ့်ကောင် ...
ငါပဲ ကြယ်ဖြစ်ခံမယ့်ကောင် ....
ငါပဲ စိတ်တပိုင်းသေနေတဲ့ကောင် .....
နက္ခတ်နာတယ် ...
လျှပ်ပန်းဟပ်ခံရတယ် ...
ဒီကောင်းကင်လုံပါပေ့ ...
တိမ်မျှင်ခိုးခံရတယ် ... တံခါးချပ်ကြီး သော့ပျောက်
အခန်းငယ်လေးထဲ ....
ကောင်းကင်တခုလုံး သိမ်းဖျောက်ခံလိုက်ရပြီလေ ။ ။

            စာခြောက်ရုပ်က “ လယ်ကွင်းကို ကျောခိုင်းထားရပေမယ့် . . . လယ်ကွင်းအတွက် ရှင်သန်နေရတာပါ ” လို့ ပြောတော့ ကျွန်တော်ရယ်သည် ၊၊ ရေစက်ရှိရင် ပြန်ဆုံကြရတယ်ပြောသံ ကြားလို့ စမ်းချောင်းဘေးနား သွားစောင့်နေတာ ကမ်းစပ်တွေကိုပဲ တွေ့သည် ၊၊ ကျောက်သင်ပုန်းပေါ်က လာတာ အခု စာရွက်တွေပေါ်ရောက်ပြီ ၊၊ “ ဘာ က တိ မှ မ ပေး နိုင် ဘူး နော် ” ၊၊ စာရွက်တွေပေါ်မှာပဲ စောင့်မယ် ၊၊ ဘယ်မှဆက်မသွားတော့ဘူး ၊၊ ဒါပေမယ့်.... အဝေးကြီးတော့ စောင့်နေရမည် ထင်သည် ၊၊ စာခြောက်ရုပ်ကြီးက ပြုံးပြတော့ ကျွန်တော်ရယ်သည် ၊၊ ပြီးတော့ ကျွန်တော် “ ရေ ” သည် ၊၊ ၁ .... ၂ .... ၃ .... ၄ .... ၊၊ ၊၊ ၊၊ ၊၊ ၊၊

            အဝေးကြီးတော့ စောင့်နေရဦးမည် ၊၊ ကျွန်တော် ရေသည် ၊၊ ပြီးတော့ ကျွန်တော် ရယ်သည် ၊၊ ဒီတစ်ခါတော့ မမှားဘူး ထင်ပါသည် ၊၊

တခန်းရပ်ဇာတ်ခုံအလယ်
ငွေရောင်ဖိတ်ဖိတ်တောက်နေတဲ့ ပိုးသားဝတ်စုံနဲ့
ရုန့်ရင်းရှည်လျားတဲ့ သရုပ်ဖော်ကကွက်အလှည့်အပြောင်း
စည်းအပြင်ဘက်ကို လွင့်ချော်ထွက်ကျ ၊
ခပ်လှမ်းလှမ်းမှာတော့ ..... .....
မရဲတရဲ ဖွင့်ထားတဲ့ တံခါးတစ်ချပ် .........

ရေခဲရိုက်ထားရတဲ့ ကျောက်ဆစ်ပန်းပု ၊
ပေါက်ပြဲနေတဲ့ သစ်သီးပုတ်တခြမ်း ၊
ကပ်ပါးတစ်ကောင်ရဲ့  ပဲ့တင်သံအက်အက် ၊
ဝပ်ကျင်းဝမှာမှ ပိတ်မိ ..... .....
စိမ်းစူးစူး စပျစ်သီးချဉ်တွေနဲ့အတူ
တုန်ရီယောင်ယမ်းပြီး အသံဝင်နေလေရဲ့ 

စစ်သုံးဖိနပ်အိုတွေ အထပ်ထပ်ပွတ်ကြိတ်ဝါးမျိုလို့
ယိုင်လုပြိုခင် ငါ့နာရီလက်တံလေး
ခုတော့လဲ .... ..... .....
တောင်ပံတပိုင်းပြတ် မျက်ရည်လုပွဲ
သွေးညှီနံ့သင်းတဲ့ လွင်ပြင် ၊
အက္ခရာသေတွေမျောတဲ့ ထောင်ချောက် တို့နဲ့
သင်းကွဲတွေ မြူးတဲ့ ဟိုးတဖက်ကမ်းဆီ ..........   ( သဲမိုး )

 

 

 

ကဗျာ တစ်ယောက် တစ်ပုဒ် ကူညီပေးကြသော ကို ရုပ်သေး နှင့် ကို သိုးမဲ တို့အား အထူးကျေးဇူးတင်လျက်ရှိ....