Friday, March 20, 2009

စကားလုံးပြပွဲ

ဒီခွက်ထဲမှာ လက်ဖက်ခြောက်တွေက

အငွေ့ပျံနေသလား ….

တံခါးခေါက်သံမဆုံးခင်မှာ မိုးစုန်းစုန်းလင်းမလား

ဘီးလုံးတွေအလိမ့်မှာ

မီးတဖြန်းဖြန်းခပ်သွား

သစ်ရွက်ခြောက်တွေ အငွေ့ပျံနေပြီ

ဟွန်းမတီးရဘူး ၊ ဟွန်းမတီးရဘူး

လူတိုက်မှုတစ်ခုကြောင့် ငိုနေကြတယ်

“ငါပြောင်းပြန်လှန်ပစ်ချင်နေတာ

သမိုင်းတွေလဲပါတယ်…….”

ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ကြည့်တော့

မြင့်မိုရ်တောင်က ပိုမြင့်သွား

ခက်တာကတော့ မခက်ပါဘူး

သစ်ရွက်ခူးတဲ့လက်တွေမှာ

အောက်စီဂျင်မပါ

နေမြင့်သွားတာကို ခြေဖျားထောက်ပြီးငေးနေတုန်း

ငါ့ယဉ်ကျေးမှုနိမ့်သွားတာအဖတ်တင်

မီးဖိုချောင်က ဆာလောင်နေတာကြားတယ်။


သူရဿဝါ (www.phonethant.co.cc) နှင့် အတူတူ ခေါင်းစဉ်တစ်ခုထဲအား တစ်ယောက်တစ်ပုဒ်ရေးခဲ့ဖူးသော ကဗျာဖြစ်သည် ၊၊

Wednesday, March 11, 2009

အညာလေက ခါးခဲ့သလား . . . စာဥ

ပင်အိုရိုင်းတွေတောင်
ယဉ်ကျေးမှု အလိုက်နဲ့ ပေါက်ရောက်နေကြပြီ
အညာလေက ခါးခဲ့လို့လား. . .
မြို့ကြီးရောက်နေတဲ့. . . စာဥ ရယ်

တစ်နှစ်က ဥသြလေးတောင်
ဒီ တမာပင်လေးကို ပြန်ရောက်လာလေသလား
ငါ နဲ့ တမာအိုပင်ကြီးကတော့
နွေရာသီ အဟောင်းလေးကိုပဲ လွမ်းတယ် ၊၊

ရေခပ်ဆင်းချိန်တွေမှာ
ခရမ်းရောင်ပန်းလေး မပွင့်တာ ကြာပြီ
ပန်းရိုင်းကပွဲတွေမှာ
ငါ့ မယ်ဒလင်လေး နင့်ရှေ့မရောက်တာ ကြာပြီ ၊၊

ကွမ်းတောင်ကလေးက နင့်လက်ဗွေရာကို
မျှော်ငေးရပ်တည်နေလေရဲ့ . . .
လယ်စောင့်တဲရဲ့ လယ်ကွင်းအဝါလေးကို
နင် စိတ်ဦးမလှည့်မိဘူးလား . . . စာဥ

စာဥ ရေ . . .
နင့် နဖူးမှာ ဘယ်နှုတ်ခမ်းတွေ ပွင့်နေပြီလဲ
ဒါမှမဟုတ် . . .
ဘယ် ကာဖီ ခါးခါးတွေက နင့် နှုတ်ခမ်းကို သောက်သုံးနေပြီလဲ ၊၊

အတိတ်ဆိုတာ . . . တစ်ကယ်တော့
နင့် နောက်ကျော နဲ့ နင့် အရိပ်ပါပဲ . . .
နှုတ်ခမ်းတွေ တင်းတင်းပိတ်ထားတုန်းလား
ပါးစပ်ပါရင် ရွာရောက်ပါတယ် ကွယ် . . .

ငါ့ ၁၂ ရာသီရဲ့ ရာသီဥတုမလေး ရေ
ငါ့ အညိုရောင်ပါးကွက်ကြား ရွာသူမလေး ရေ
ငါ့ လှောင်ချိုင့်တွေရဲ့ ထိတ်တုံးမလေး ရေ
အရင်လို နှစ်လိုဖွယ်ပြုစားဖို့ ပြန်ဖန်ဆင်းမယ် မဟုတ်လား

အခုတော့ . . . မျှော်လင့်ချက်တစ်ခွဲသားနဲ့ကြွေတဲ့
တမာရွက်အိုတွေပဲ တမှတ်တရကောက်သိမ်းနေရတယ် . . .
လှေနံဓားထစ်မြို့ပြရောက် . . . ချစ်တဲ့ စာဥ ရေ
အ ညာ လေ က ခါး ခဲ့ ပါ သ လား ကွယ် . . .

ကဗျာတစ်ရွက် ရဲ့ နေဝင်နေထွက်ရာသီ

တေးသံတွေကျကွဲသွားသလို ငြီးငြီးစီးစီးပြက္ခဒိန်တွေကို စုတ်ဖြဲနေရတာ ဘယ်လောက်ကြာပြီလဲ၊၊ နီယွန်မီးရောင်ကိုမှ ညလို့ထင်တဲ့ လူငယ်တစ်အုပ် ဂစ်တာတစ်လက်ကို ကျောပိုးပြီး ထွက်ခွာသွားကြပြီ ထင်ရဲ့၊၊မီးရောင်တွေက ပျိုးပျိုးလက်လက် သီဆိုနေကြမှ ကိုယ့်ကိုကိုယ်မှောင်နေမှန်းသိရတယ်၊၊ ငွေရောင်တွေသွန်းထားတဲ့ လရောင်တောင်မှ သူ့အလင်းလေးပျောက်ဆုံးဖူးသေးတာပဲ၊၊ဘယ် ညလယ် မဆို တစ်ချိန်ချိန်တော့ လကြတ် ဖူးကြမှာပါပဲ၊၊ ပြက္ခဒိန်တွေ ကျကွဲသွားသလို ငြီးငြီးစီးစီး တေးသံတွေက ငါ့ညလေးကို စုတ်ဖြဲနေကြတာ ကြာပြီ ထင်ပါရဲ့ကွယ် ၊၊

အလင်းတွေ ပေကျံရင်း သေဆုံးသွားရတဲ့ ညရဲ့ဈာပနကို လူတွေက ဘာကြောင့် နံနက်ခင်းလို့ ခေါ်ကြတာလဲ၊၊ငှက်ကလေးတွေ နောက်ပြောင်နေမှ ညလေးရဲ့ ဈာပနကိုဖွင့်ဖတ်မိတယ်၊၊လက်ဖက်ရည်ဆိုင်လေး

ကိုရောက်သွားပေမယ့် ကော်ဖီတွေက ငါ့လည်ချောင်းကိုသောက်သုံးသွားတယ်၊၊ကားမှတ်တိုင်လေးက ခလုတ်လာတိုက်တာ့မှ ပန်းလေးပွင့်နေမှန်းသိရတယ်၊၊ကမ္ဘာဦး မဟုတ်ပါပဲ ပန်းပွင့်လေးနားက သူတွေပျောက်ဆုံး

သွားတယ်၊၊သူမ ဝတ်စုံလေးက အစိမ်း ၊ ကောင်းကင်အစိမ်း ၊ မြေညိုလမ်းလေးလည်း အစိမ်း ၊ မျက်ဝန်းအစိမ်း ၊တစ်လောကလုံး အစိမ်း ၊၊ မေဂျူနို. . . နင့်ရဲ့ အငွေ့အသက်နဲ့တင် ငါ့ညလေး ကောင်းရာမွန်ရာရောက်ပြီကွယ်၊၊

ပင်လယ်ခေါင်မှာ ကမ်းမပျောက်တော့ဘူး ၊၊ မှတ်တိုင်တွေ တစ်စင်းပြီး တစ်စင်း ရွေ့လျား ၊ လိုင်းကားလေးပေါ်က ရုံးတက် ၊ ရုံးဆင်း မျက်ဝန်းလေးကို ရက်ပေါင်းများစွာ ငှားဖတ်နေမိရုံ. . . . ၊၊ မျက်တောင်လေးရဲ့ လေတိုက်နှုန်းက ကိုယ့်ဘက် ရောက်မလာပေမယ့် လှိုက်လှိုက်လှဲလှဲ ငေးနေမိရုံ . . . ၊၊ ရုံးပိတ်ချိန်လေးထဲက ညနေမှာ ပြတင်းပေါက်လေးကို မျှော်နေမိရုံ. . . . ၊၊ဒိုင်ယာရီလေးလည်း သော့မခတ်ဖြစ်သေးပါဘူး ၊၊ မေဂျူနို. . . ဘယ် ဇာတ်ဆရာပဲရေးရေး. . . ဒီဇာတ်လမ်းပေါ်မှာပဲ လျှောက်ချင်တယ်ကွယ် ၊၊

သန်းခေါင်ယံ မတိုင်ခင်က အိပ်ရာဝင်သီချင်းတွေတောင် စီရရီ အိပ်ရာဝင်ကုန်ကြပြီ ၊၊ အိပ်လို့ မရတဲ့ ညနဲ့ အိပ်လို့မရတဲ့လူက လမင်းကို ခိုးကြည့်တော့ လိပ်ပြာအတောင်ပံတွေ နဲ့ လွင့်လို့နေတယ်၊၊ကောင်းကင်က လမင်းကို စိုးရွံ့တဲ့စိတ်နဲ့ တိမ်တွေနဲ့ကွယ်ဝှက်ပစ်တယ်၊၊သီချင်းတစ်ပုဒ်ကတော့ ညတွေထဲမှာ ညကိုလိုက်ရှာ နေလေတယ်၊၊ မေဂျူနို. . . ရင်ထဲမှာ သာနေတဲ့ အစိမ်းရောင်လမင်းလေးကိုရော ဘယ်လို တိမ်တိုက်မျိုးနဲ့ ဝှက်ကွယ်ထားရမလဲ…..လွမ်းနေတယ်…..၊၊

ချစ်တယ်….မေဂျူနို ၊၊ တိုးတိုးလေး အပြောမှာ ပဲ့တင်သံတွေ လှုပ်ခတ်သွားပါသလား ၊၊ အချစ်ကို ရောင့်ရဲတတ်ရင် ရောင့်ရဲမှုကို ချစ်တတ်လာပါလိမ့်မယ် ၊၊ ကားမှတ်တိုင်လေး ဖြစ်ချင်ရဲ့ ၊၊ လိုင်းကားအိုလေး ဖြစ်ချင်ရဲ့ ၊၊ ပြတင်းပေါက်လေး ဖြစ်ချင်ရဲ့ ၊၊ ကိုယ်ရှာတွေ့တဲ့ အစိမ်းရောင် မျက်ဝန်းပန်းပွင့်လေးကို ငေးကြည့်ချင် မိရဲ့ ၊၊ ဒီလောက်ပါပဲ ကွယ် ၊၊ မေဂျူနို . . . ပဲ့တင်သံတို့က တိုးတိုးလေး လှုပ်ခတ်သွားလေရဲ့ ၊၊ ချစ်တယ် ကွယ်၊၊

တစ်ပုဒ်တည်းသော ကဗျာလေးကိုပဲ ထပ်ခါ ထပ်ခါ ရွတ်. . . . နေ မိ

ယုံကြည်မှု ( ဘုန်းသန့်ခန့် )

ဒီနေရာမှာ ထိုင်

ကျောက်တိုင်လို ခိုင်မြဲပြီး

မင်း မျက်ဝန်းကို စောင့်မယ် ၊၊

တစ်ခါ တစ်ခါ

လေတွေမြစ်လိုစီး

သစ်အိုရွက်တို့ မျောပါ

တစ်ချို့ တစ်ချိန်

နေ့လင်းခေါင်ခေါင်မှာ

ညတွေ ရွာချလို့

လူလယ်ခေါင်ထဲ

ကိုယ် သင်းကွဲခဲ့တယ် ၊၊

ယုံကြည်ပစ်မိရဲ့

မင်း မျက်ဝန်းလေး

တစ်ရက်ရက်တော့

အမှတ်တမဲ့

ကိုယ့်ကို မြင်လိမ့်မယ် ၊၊

တိုးတိုးလေး ပဲ ရွတ်နေမိ . . . . တယ်၊၊

ယုံကြည်နေပါတယ်….၊၊

မင်း မျက်ဝန်း စိမ်းလေး ကိုယ့်ဆီမှာ လင်းမယ် . . . . . ၊၊

ဒိုင်ယာရီ သော့လေး မင်းလက်ထဲ ရောက်မယ်. . . . . ၊၊

တိုး တိုး လေး ပါ ပဲ ကွယ် . . . .

မေ ဂျူ နို

ချစ် သော မေ . . . . .

ပန်း ပွင့် သံ တွေ ကြား လိုက် မိ ရဲ့ လား …………………………၊၊ ၊၊

 

အသည်းကွဲ ပုရပိုဒ်ရဲ့ သွေးစက်များ

ငါ နောက်ကျဘူးတဲ့ ခေတ် . .

နာကျည်းရတယ် ဆိုပေမယ့်

ရောဂါဟောင်း တွေဆီပဲ

တစ်ထစ်ချင်း ဆက်တက်နေမိတယ် … … … ၊၊

 

မျက်နှာလွှဲထားချင်ပေမယ့်

ငြင်းပယ်ခွင့်မရှိတဲ့အခါ

လှောင်ရယ်သံတွေကို

မုန်း လိုက် တာ . . . . . .

 

ဒီကဗျာတွေကမှ. . .

ပန်းတွေ မပွင့်နိုင်ခဲ့တာ

ဘယ်သူမှ မမှားဘူးဆိုရင်တောင်

အမှန်တရားက ဘယ်မှာလဲ. . . .

 

ချောက်ကမ်းပါးလေးနားရပ်ပြီး

ယုံကြည်မှုတွေကို ထူထူထပ်ထပ်တည်ဆောက်မိတာပါ . .

ငြင်းဆန်ခြင်းတွေနဲ့ တွန်းချပစ်တဲ့အခါ

ဘာကြောင့် . . . နောက်ကျောကိုပါ ဓားနဲ့ ထိုးခဲ့တာလဲ … ၊၊

 

နင်မဖြေချင်ဘူးဆိုရင်လည်း

ငါ မေးနေဦးမယ်

ဘေးထွက်ထိုင်နေရတဲ့ အလေအလွင့်ကရော

စင်ပေါ် မျှော်ခွင့် မရှိဘူးလား ၊၊

 

နင်တို့ သတ်မှတ်ထားကြသလို

ငါ့ ရပ်တည်ချက်က စုတ်စုတ်နွမ်းနွမ်း ခွေးရူးတစ်ကောင်

ဘာပဲဖြစ်ဖြစ်….ဘယ်ခွေးရူးမဆို

တမွန်းတည့်တော့ ကောင်းစားချင်ကြမှာပါပဲ ၊၊

 

မျက်နှာလွှဲထားလိုက် . . .

သစ်ကိုင်းလွတ်နေတဲ့

လူမဖြစ်သေးတဲ့ မျောက်တစ်ကောင်

ဟောဒီမှာ….သေနေတယ် ၊၊

 

အမြဲတမ်း မြင်နေရမှ

အချစ်လို့ သတ်မှတ်ရင်. . .

မျက်မမြင်တွေရဲ့ အသည်းကို ဓားနဲ့မွှန်းပစ်လိုက် . . .

မမြင်ဘူးပဲ ချစ်ရတဲ့နှင်းတွေကို မီးမြိုက်ပစ်လိုက် . . .

 

လူရွှင်တော်တစ်ယောက်ရဲ့ ငိုသံကို ဟားတိုက်ခံရသလိုမျိုး . .

လူကြမ်းတစ်ယောက်ရဲ့ကြင်နာမှုကို ခဲအပေါက်ခံရသလိုမျိုး . .

အဲဒီလို. . . သိမ်ငယ်မှုမျိုးနဲ့

ငါ့ ကိုယ် ငါ တည်ဆောက်နေရတာပါ

အရသာမရှိဘူးထင်ရင်

မြောင်းထဲ လွှင့်ပစ်လိုက်ပါ .. …

တံတွေးနဲ့ မထွေးပါနဲ့ . .

အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဓားနဲ့မမွှန်းပါနဲ့ . . .

 

အဲဒီလိုနဲ့…..

ပန်ဆင်ခြင်းမခံရတဲ့ သစ်ရွက်ကြွေလို ဆွေးတယ် ၊၊

အဲဒီလိုနဲ့…..

ကိုယ့် ကို ကိုယ် ခြွေ ချ ခဲ့ ရ ပါ တယ် ၊၊

 

မုန်းတယ်. . . .

နားနဲ့မကြားရပေမယ့် အဲဒီ ခေါ်သံတွေကို မုန်းတယ်

နောက်ကျောကိုဓားနဲ့ထိုးတဲ့ လက်ကို မုန်းတယ်

ရောဂါဟောင်းကို တူးဆွနေတဲ့ ငါ့လက်တွေကိုတော့

ငါ အ မုန်း ဆုံး ပဲ ……….၊၊ ၊၊

 

အစိမ်းရောင် ကဗျာ

ရင်ထဲမှာ. . . . .

ကဗျာတစ်ပုဒ်က

စိမ်းစွတ်စွင့်စို ခဲ့ပေါ့. . . . .

စိမ်းလဲ့ ရေ.....နင်က ငါချစ်တဲ့ ကဗျာ. . .

ဘယ်အရာကမှ

(နင့်လောက်)

လုံလောက်ဖြည့်ဝေနိုင်စွမ်းမရှိလောက်အောင်

နင့်ကိုငါ ချစ်ရဲ့. . . . .

မရည်ရွယ်ပဲ

ရောက်သွားမိတဲ့

အဲဒီ ခရီးလမ်းမှာ

နင်က ငါ့အတွက် အလင်းပန်းတိုင်. . . . .

ငါ့ရင်ခုန်သံတွေကလည်း

နင့်ရှေ့ရောက်တိုင်း

ဖူးပွင့်နေလိုက်တာ....

ဧဒင် တစ်ဥယျဉ်စာ. . . . .

နင့်အပြုံးတွေရဲ့

နွေးထွေးမှုနဲ့

ဆောင်းရာသီအထပ်ထပ်ကို

ရင်ဆိုင်နိုင်စွမ်းပါရဲ့.. .. .. .. ..

ဂျစ်ပစီလို အသက်ရှင်နေခွင့်ကိုတောင်

ကောင်းကင်တစ်လက်ထဲအောက်မှာ

နင်နဲ့ နေခွင့်ရရုံနဲ့

မေ့ဖျောက်လွှင့်ချေနိုင်ခဲ့ပေါ့. . . . .

ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်တဲ့

ရင်ခုန်သံတွေနဲ့ . . . .

နင်က . . . ငါချစ်တဲ့ ကဗျာ

ငါ ချစ်မယ့် ကဗျာ. . . . . .

ကောင်မလေးရေ. . . . .

နင့်ရဲ့နားကိုစွင့်ထားပေးပါလား

အချစ်မှာ. . . . .

ဖွင့်ပြောတာတစ်ခုတော့ လိုမယ်ထင်တယ်. . . . .

ဆောင်းကွယ်ည ရဲ့ နှင်းပွင့်ချိန်

ပုံပြင်ဟောင်းတွေလိုပဲ
ဆောင်းက သစ်လွင်ချမ်းရှလာခဲ့. . .
ဘာကြောင့်များ လမ်းဟောင်းလေးဆီ
ကြွေချင်နေသလဲ….နှင်းတို့ ရယ် ၊၊ ၊၊

ဒီဇင်ဘာည .. ဆိုတာ
( သေဆုံးတော့မယ့် ပြက္ခဒိန်လေးရဲ့ သေတမ်းစာ )
တိုးတိုးသက်သက် မှုတ်ငြိမ်းခဲ့သော အတိတ်က
ဖွဲ ဖွဲ ဖွ ဖွ လောင်မြိုက်နေခဲ့တယ် ၊၊

အလွမ်းဆိုတာကလည်း
မပြည့်တဲ့ဆုကို တောင်းနေရသလိုပါပဲ…
တစ်နေ့တစ်ခြားက မှတ်တိုင်လေးကိုငေး
ငါ့ မျက်စိ တို့ မောလာတယ် ကွယ် ၊၊

မျက်ကွယ်ရာအရပ်က အနွေးထည် အပြာလေး
ကိုယ် ရှိမယ့် အရပ်ကို ကျောခိုင်းနေမလား
ကိုယ် မရှိတဲ့ အရပ်မှာ နွေးမြရဲ့လား
ဖြေသူ မရှိတော့တဲ့ မေးခွန်းတွေ အတွက်
ဒီ နှုတ်ခမ်းတွေလည်း ကန်းနေခဲ့ပါပြီ ၊၊

အသစ်ပြန်ဖြစ်မလာတဲ့ ဆောင်းအတွက်
ကိုယ့် ရင်ဘတ်ကိုပဲ
ကွဲ အက် မှုန် ပွ အောင်
ဟောင်းမြေ့ပစ်လိုက်တယ် ၊၊

ပန်းရနံ့တို့ကလည်း အသက်မရှိသလို
ဖျော့ဖျကွယ်မှိတ်သွား…..
ဒီဇင်ဘာ နဲ့ ဆောင်းမှာ
ငါ့အတွက် ပွဲတော် တစ်ခုတစ်လေပါမလာခဲ့ဘူး ၊၊

ဒီဇင်ဘာ ရေ….
လွမ်း…ပေး…နေ…ရ…တာ
ရစရာကိုမရှိတော့ဘူး…
အလင်္ကာတွေလည်း ချွတ်ချော်တိမ်းမှိတ်
နှုတ်တိတ်နေလိုက်ပါတယ် ၊၊

လဲ့ ရည် မွန် အောင် … လဲ့ရည်မွန်အောင်
လဲ့….ရည်….မွန်….အောင်
စကားလုံးတွေ စိမ်းဖျတ်လွင့်စင်သွား
မင်းက ငါ မိုးမချုပ်ပစ်တတ်တဲ့
ညနေညိုလေးပါပဲ ကွယ် ၊၊

`အချစ်က ပြက္ခဒိန် တွေလို…
နာရီတွေလို … တစ်ချိန်လုံးငေးကြည့်နေကြဖို့မှမဟုတ်တာ
မေ့ ထား လိုက် ပါ မယ်
မေ့ ဖို့ ထား ခဲ့ လိုက် ပါ မယ် ….. ၊၊

မြင်ခွင့်မရတဲ့ …ဒီဇင်ဘာ
မမြင်ချင်တော့တဲ့ …ဒီဇင်ဘာ
လက် ဝဲ ဘက် က ည မှာ
ဒီည ဆောင်းကွယ်ခဲ့တယ် ၊၊

ဆောင်းကန္တာရ မှာ. . .
နှင်းပွင့် တို့ ရွှဲစင်စိုမြ ချင်တဲ့ သူရူး
အမှတ်မရှိဘူး ဆိုပါစေတော့
ကြက်ခြေခတ်တွေကို ဘောင်ခပ်ထားလိုက်မယ် ၊၊

ဒိုင်ယာရီ တစ်အုပ် နဲ့ ပြက္ခဒိန်တစ်ဆုပ်က
နှုတ်ဆက်လှောင်ရယ် သွားကြလေရဲ့….
-နောက်တစ်ခါ တွေ့ရင်
ငို မပြကြေး - တဲ့….. ၊၊ ၊၊

ပန်းပွင့်လေးရဲ့ ရေခဲခေတ်

ပန်းပွင့်ရေ........
ရေခဲခေတ် က ကျောက်စာလေးတွေ
ကိုယ့်ဆီမှာ အရည်ပျော်တယ် ၊၊ ၊၊

ဒီ နှုတ်ခမ်းဖူးဖူးတွေက
ဘယ်လိုနတ်ဘုရားမျိုးဆီမှာ
ပူဇော်ပျိုးကြဲမှ
ပွင့်လာမှာတဲ့လဲ ၊၊

ဒီခေတ်လေးမှာပဲ
ဆွေးဆွေးဝေဝေ ချမ်းမြချင်ရဲ့
ဥယျဉ်ကြီးသက်ဝင်စိုနွေးဖို့
ကမ္ဘာတစ်ဖက်ကမ်းအထိ
လွမ်းသွားအောင်ပွင့်ပါ ၊၊

တစ်ဖက်တစ်လမ်းက ငေးခွင့်လေးမှာ
ဆွံ့အခဲ့ရ....
ချစ်တယ်ဆိုတဲ့ ကဗျာတစ်ပွင့်
နင့်မျက်ဝန်းလေးကြောင့် ကြွေ....
ဆွေးတယ် ၊၊ ၊၊

( သူငယ်ချင်း မောင်ဘုန်းသန့်ခန့် နေရာမှခံစားပါသည်၊၊ )

ပက်ကြားအက်ထဲက ကဗျာတစ်ကြောင်း

ပက်ကြားအက်ထဲက ကဗျာတစ်ကြောင်း

ခေါ်သံတွေ မရှိတော့ပေမယ့်

ထူးနေခဲ့ပါတယ်ကွယ်….။

ပက်ကြားအက် ရင်တစ်ပြင်လုံး

အမှောင်တွေ သည်းသည်းမည်းမည်းနဲ့

ရွာနေလေရဲ့……

ပိုးကဗျာရေ…..

အကြည့်တစ်လက်လောက် လွမ်းတယ်…..။

‘ပြောမယုံ၊ ကြုံခဲ့တော့ဝေး’

ဒီကောင့်လက်ထဲမှာ

စကားပုံတွေလည်း မှားခဲ့တယ်။

ဘယ်မျှော်လင့်ချက်ကိုမှ

မဆုပ်ကိုင်ထားတော့ပါဘူး…..

ဧပရယ်လ်ရဲ့ နောက်ဆုံးညလေးလို

တစ်နွေလုံးကို….

မက်မက်မောမော ငေးချင်ခဲ့ရုံပါပဲ။

ခုတော့…..

ဥသြသံတွေကသာ ကျယ်ကျယ်ဟည်းဟည်း

မြည်လောင်နေကြတယ်….

ဘယ်နွေရာသီကမှ

ဒီ ဘူတာရုံလေးကို ရောက်မလာခဲ့ဘူး။

ဟောဒီ…. ကဗျာထဲ

ပက်ပက်စက်စက်

ကြားရတဲ့

အက်ကွဲသံတွေကို

မဆိုင်သလိုပဲ နားတွေစွင့်ထားပေးပါလားကွယ်။

ကဗျာသင့်ခဲ့တဲ့ ကျိန်စာ

သမိုင်းတစ်ခုစာ ဆုံးရှုံးဖို့

အခိုက်အတန့် နီးကပ်ခွင့်ရခဲ့တာလား. . . .

တိုးတိုးဆိတ်ဆိတ် မျှော်လင့်ခြင်းတွေလည်း

သွေးထွက်အောင် မှားခဲ့တယ် . . . . ၊၊ ၊၊

သစ်ရွက်ကြွေတိုင်းသာ

စိတ်ကူးယဉ်ခွင့် ရခဲ့ရင်

( ငါလည်း )

အစိမ်းရောင် ကောင်းကင်လေး

မျှောလင့်ချင်ပါတယ် ၊၊

ကျိန်စာတစ်ခွင်လုံး မိုးစင်စင်ချုပ်မှ

သန်းခေါင်ယံမှာ ည ပါမလာမှန်းသိရသလို . . .

ပိတ်ထားတဲ့ တံခါးရွက်တွေ ဖွင့်အဖတ်မှာ

အလင်းတစ်စက်မှ တွေ့ခွင့်မရဘူး . . . ၊၊

ပြက္ခဒိန်တွေလည်း အဆိပ်မိသလိုမျိုး

တစ်ရွက်ပြီး တစ်ရွက် လဲကျသေဆုံး

ပိုးကဗျာ ရေ . . .

အတိတ်ဆိုတာက တိတ်မနေခဲ့သေးဘူး ကွယ် . . . . ၊၊ ၊၊

ဖေဖော်ဝါရီ ကို သတ်ပုံမှားခြင်း

ထုံးစံအတိုင်းပါပဲ

နွေရာသီ ဖြစ်လိုက်ရတဲ့အခိုက်

ဆီးနှင်းပွင့်တွေကို

မှုန် မှုန် ဖွ ဖွ ငေး..........၊၊ ၊၊

အတောင်ပံတော့

တပ်ထားလိုက်ပါရဲ့....

လေထုက ဘယ်နားမှာ

ကောင်းကင်က ဘယ်နားမှာ

မေးခွန်းတွေကိုက

အတွန်းအတိုက်များတယ် ၊၊

သတ် ပုံ မ မှန် ဘူး ကွယ်

သူမ ရဲ့ ဖေဖော်ဝါရီမှာ

ကိုယ့်နာမည် မရွတ်တော့ဘူးတဲ့

ဖုန်းခေါ်သံတွေကို ခဏ ဖွက်ပြီး ပြောတယ် ၊၊

စာလုံး မပေါင်းတတ်ဘူး

စာလုံး မနှုတ်တတ်ဘူး

အ စ က တည်း က

ဖေ ဖော် ဝါ ရီ ကို ကျော် ဖတ် လာ တာ ၊၊

အဆုံးကျတော့

ဖေဖော်ဝါရီက ကိုယ့်ကို ကျော်ဖတ်သွား

စာလုံး မပေါင်းသွားဘူး

စာလုံး မနှုတ်သွားဘူး ၊၊

ဖုန်းခေါ်သံတွေကိုမျှော်ပြီး မေးကြည့်တယ်

ကိုယ့်ရဲ့ဖေဖော်ဝါရီမှာ

သူ မ နာမည် လေး ရေး လို့ ရ မလား လို့

သတ် ပုံ မ မှား ပါ ဘူး ကွယ် ၊၊

အဖြေတွေကိုတော့

အပြိုအလဲ နည်း ခဲ့ပါတယ်

ကောင်းကင် က သူမဆီမှာ

လေထု က သူမ ဆီမှာ

အတောင်ပံတော့

ချွတ်ယူသွားလေရဲ့ ၊၊

ဆီးနှင်းပွင့်တွေထဲ

ရောက်ရှိသွားတဲ့အခိုက်

နေရောင်ခြည်လေးကို

မှိန် မှိန် မွှား မွှား ငေး....

ထုံးစံ အတိုင်းပါပဲ ၊၊ ၊၊

ဇာတ်တော်ရဲ့ အပြင်မှာ

ဇာတ်တော်ရဲ့ အပြင်မှာ

ရာမ ဆုံးရှုံးခန်း ကြီးတစ်ခုပါပဲ…
လက္ခဏာတွေမှာကိုက

ကျွန်းအထပ်ထပ်ခြားပြီးသား

ဒဿဂီရိ ပန်းသီတာကို

ရာဇဝင်တွေက ရိုင်းသွားသတဲ့လေ……. ၊၊ ၊၊

တစ်နေ့တာ အပျင်းထူကြည့်ုခြင်း

ပျင်းတယ် ၊၊

မိုးလင်းရမှာကို ပျင်းတယ် ၊၊ ၊၊

ပျင်းတယ် ၊၊

နှိုးစက်သံနားထောင်ရတာပျင်းတယ် ၊၊ သံပတ်ပေးရတာပျင်းတယ် ၊၊

မျက်နှာသစ်ရတာပျင်းတယ် ၊၊ ခြေထောက်ဆေးရတာပျင်းတယ် ၊၊

အမဲလိုက်ရတာပျင်းတယ် ၊၊ မီးမွှေးရတာပျင်းတယ် ၊၊

သတင်းစာဖတ်ရတာပျင်းတယ် ၊၊ ရေဒီယိုဖွင့်ရတာပျင်းတယ် ၊၊

လူကြီးလူကောင်းလုပ်ရတာပျင်းတယ် ၊၊ တပည့်ခံရတာပျင်းတယ် ၊၊

ဆာလောင်ရတာပျင်းတယ် ၊၊ စားသောက်ရတာပျင်းတယ် ၊၊

ပန်းခူးရတာပျင်းတယ် ၊၊ သစ်ပင်စိုက်ရတာပျင်းတယ် ၊၊

ကြိုးစားရတာပျင်းတယ် ၊၊ ပျင်းရိရတာပျင်းတယ် ၊၊

အတင်းပြောရတာပျင်းတယ် ၊၊ ၊၊ သဘောတူရတာပျင်းတယ် ၊၊

မတ်တတ်ရပ်ရတာပျင်းတယ် ၊၊ နေရာလုရတာပျင်းတယ် ၊၊

ခိုးဝှက်ရမှာပျင်းတယ် ၊၊ စောင့်ရှောက်ရတာပျင်းတယ် ၊၊

ကံဆိုးရတာပျင်းတယ် ၊၊ ယတြာချေရတာပျင်းတယ် ၊၊

ဒေါသထွက်ရတာပျင်းတယ် ၊၊ စိတ်ရှည်ရတာပျင်းတယ် ၊၊

စိန်ခေါ်ရတာပျင်းတယ် ၊၊ အရှုံးပေးရတာပျင်းတယ် ၊၊

ညောင်းညာရတာပျင်းတယ် ၊၊ လန်းဆန်းရတာပျင်းတယ် ၊၊

အဆဲခံရတာပျင်းတယ် ၊၊ ကျိန်စာတိုက်ရတာပျင်းတယ် ၊၊

ဝေဖန်ခံရတာပျင်းတယ် ၊၊ ချီးကျူးရတာပျင်းတယ် ၊၊

အကြံပေးရတာပျင်းတယ် ၊၊ လက်ခုပ်သံတောင်းရတာပျင်းတယ် ၊၊

ခင်ဗျား ပျင်းနေတာကို ကြည့်ပြီး ပျင်းတယ် ၊၊

ကျုပ်ကို ကျုပ် ပျင်းတယ် ၊၊

ပျင်းတယ် ၊၊

မိုးချုပ်ရတာကို ပျင်းတယ် ၊၊

 

စကားလုံးများနှင့် အမဲလိုက်ခြင်း

စကားများ ကို ပိတ်ပစ်ခဲ့ပြီဖြစ်သည် ၊၊ ဒီ လမ်းကို သွားရန် သဘောတူပါက သင်တို့၏ ခြေထောက်များကို ငြိမ့်ပြနိုင်ပါသည် ၊၊ ဗေဒင်ဆရာ ၏အလိုအရ ကျွန်တော့် ဖိနပ်တွင်ဗွေပါခဲ့သည် တဲ့ ၊၊ မနက်ခင်းအိပ်ယာ နိုးတုန်းက ကျွန်တော် ဦးနှောက်မသစ်ခဲ့ ၊၊ ထိုသို့ ပြောမိသဖြင့် ကျွန်တော့်ကို ပလုပ်ပလောင်း မကြည့်ပါနှင့် ၊၊ ဘာလိုလိုနှင့် ကျွန်တော့် အရေပြားတွေတောင် ဆာလောင်တတ်နေပြီ ၊၊

ပန်းတိုင် မရှိတဲ့လမ်းကို လျှောက်ရတာ ဖိနပ်ညောင်းပါတယ် ကွယ် ၊၊ မှော်ဆရာ ဆီက တစ်ခုခုကို လက်ဖြန့်တောင်းတော့ ကျွန်တော့် လက်ဗွေရာလေးကို ချွတ်ယူသွား ၊၊ နှမျောစရာကောင်း ပါသည် ၊၊ အဝတ်တစ်ခု အတွက် ကိုယ်တစ်ထည်ပေးနေရသော ကုဋေတစ်လှမ်း အတွက် ခြေတစ်သန်းများ နှမျောစရာ ကောင်းပါသည် ၊၊ ကျွန်တော် လမ်းပျောက်ထွက်ဖို့ ပြင်တော့ ပါးစပ်ပေါက်တွေတောင် ဖွင့်ကုန်ကြပြီ ၊၊ ကျွန်တော့် တံခါးလေးမှာ အိမ်မရှိဘူး ၊၊ ဝမ်းနည်းစရာကောင်းပါသည် ၊၊ ကိုယ် လက်ညှိုးထိုးထားသော အရှေ့ကိုယ်ပြန်ရပ်ဖို့ ကြိုးစားရင်း သံသရာလည်နေရတာ ဝမ်းနည်းစရာကောင်းပါသည် ၊၊ အဲဒီလိုနဲ့ . . . . စက်ဝိုင်းကွဲသံတွေကို နားဖွင့်ပြီး ရှာနေခဲ့ရသည် ၊၊

ငွေရှိတဲ့ အရပ်လှည့်ပြီး အသက်ရှူနေရတော့လည်း အတွေးတွေက အသုဘ ဆန်လာသည် ၊၊ဆရာဝန် ကတော့ ဆေးလိပ်ဖြတ်လိုက်ပါတဲ့ ၊၊ ချောင်းတဟွတ်ဟွတ် ဆိုးနေရင်တောင် ဒီအရသာလေးကိုမှ ကောင်းနေမိပြီ၊၊ ကဲ…ပြောခဲ့တာတွေ မကြားမိဘူးလား ၊၊ အဆိုးထဲမှာတောင် အကောင်းရှိသည် ဟုဆို၏ ၊၊ ကဗျာတွေထဲတွင် ရာသီဥတု ရှိကောင်းရှိသည် ဆိုလျှင် အဖြူရောင်များ လမ်းလျှောက်ထွက်သော ရာသီဥတု တွင် အမဲလိုက်ချင် ပါသည် ၊၊ ကဗျာများ အမဲလိုက်လျက်ရှိသည် ၊၊

စကားလုံးဖောင်းဖောင်းကြီးများ မှုတ်ထုတ်တတ်သော အဆီဝနေသည့် လျှာများ၏ အရသာမှာ ဖွယ်ဖွယ်ကြီး ဖြစ်နေလောက်သည် ၊၊ မည်သည့်လမ်းပြခဲ့သူတို့ကမှ ပါးစပ်ပေါက်တစ်ပေါက် အပို မဖောက်ထားပါ၊၊ ဖုန်တက်နေသော နားရွက်များကသာ နားလုတ်ကျင်းထားသင့်သည် ၊၊ ကျွန်တော်လှေကား တစ်ခု ကို အမဲလိုက် လျက်ရှိနေပါသည် ၊၊

ဘာမှမရခဲ့လျှင်တောင် အမေ့အိမ်မှာ

ကျွန်တော့် အတွက် တံခါးမရှိပါ………….၊၊

ဟိုးဝေးဝေးနားမှာတော့ လူတွေ ၊ လူတွေ မနက်ဖြန်တွေကို အမဲလိုက်လျက် ရှိကြလေသည် ၊၊

ချစ်သူတို့ တစ်ယောက်တစ်ဝက်ရေးတဲ့ အထိမ်းအမှတ်ကျောက်စာ

အချစ်အကြောင်း

အချစ်ကို အဓိပ္ပာယ်ဖွင့်ရန် ဘာသာစကားလိုမည် မထင်ပါ ၊၊
ရာဇဝင် တွင်ခဲ့သည် ၊၊
ထို့ထက်ပို၍ . . .
အနာဂတ်ပေါင်းများစွာအထိ တွင်ကျန်ကျော်ကြားနေဦးမည်ဖြစ်သည် ၊၊
စာလုံးအမျိုးမျိုးပေါင်း၍ ချစ်ခဲ့ကြသည် ၊၊
အသံအမျိုးမျိုးထွက်၍ ချစ်ကြသည် ၊၊
ကျွန်တော့်အတွက်ကတော့ . . .
လေစိမ်းတို့ မှိတ်ငြိမ်းထားရာ အရပ်ကို အချစ်ဟုခေါ်ဆိုချင်သည် ၊၊
“ မျက်တောင်လေးကို ချစ်တယ် ”
ဒီ အလင်္ကာလေးပဲ စီရီဖြန့်ကျက်၍
ဘာနဲ့မှ မနှိုင်းပဲချစ်သည် ၊၊


ချစ်သူ

ဖန်ဆင်းရှင် အမျိုးမျိုးတို့ ဖန်ဆင်းဖူးသော သက်ရှိတို့၏ ပိုင်ဆိုင်နိုင်မှုတစ်ခုဖြစ်သည် ၊၊
ချစ်သူသည် ချစ်မိသူတို့အတွက်တော့ အရာအားလုံးဖြစ်သည် ၊၊
ပြတင်းပေါက် အနီလေး ဖြစ်သည် ၊၊
ပန်းပွင့် အညိုလေး ဖြစ်သည် ၊၊
ကမ်းခြေ အစိမ်းလေး ဖြစ်သည် ၊၊
တောတန်း အပြာလေး ဖြစ်သည် ၊၊
ဘယ် ချစ်မိသူကမှ ချစ်သူ၏ ပုံရိပ်အား အဆိပ်သုတ်၍ရေးဆွဲမည် မထင်ပါ ၊၊
ချစ်သူ သည် ဖန်ဆင်းရှင် မသိသော ဖန်ဆင်းရှင် ဖြစ်သည် ၊၊
တစ်ချိန်က ဖန်ဆင်းခဲ့ကြဖူးသည် ၊၊
ယခု. . . ဖန်ဆင်းနေကြသည် ၊၊
နောင် ဖန်ဆင်းနေကြမည် ဖြစ်သည် ၊၊
“ ချစ်သူ (မျက်တောင်လေး) သာ လိုအပ်မည်ဆိုလျှင်
သံလိုက်အိမ်မြောင်လေး ထံမှ
မြောက်အရပ်လေးအားခူး၍
ထွန်းလင်းပန်ဆင်ပေးချင်ပါသည် ”

အိမ်ပြန်ချိန်

ကမ္ဘာကြီး ၏ စိတ်ညစ်ညူးဖွယ်ရာ အစိတ်အပိုင်း တစ်ခုဖြစ်သည် ၊၊
ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရခဲ့သည် ရှိသော် လည်ပတ်နေသော ကမ္ဘာကြီးထံမှ ထို အိမ်ပြန်ချိန် များအား ဖောက်ထုတ်ပစ်ချင်ပါသည် ၊၊
အိမ်ပြန်ချိန် များအားမုန်းသည် ၊၊
ဝေးကွာနေသည် ထင်လျှင် လေထုတစ်ဝန်းလုံးအား ဖျောက်ဖျက်၍ ကောင်းကင် နှင့် မြေကြီး အား နီးစပ်ခွင့်ရစေချင် မိသည် ၊၊
“ ဖန်ဆင်းခဲ့သူရေ….
ချစ်သူတို့ ရဲ့ အိမ်ပြန်ချိန်တွေကို
ဖဲ့ထုတ် ပစ်လိုက်ပါဦး ” ၊၊ ၊၊


အလွမ်း

အချစ်ကို ဖန်ဆင်းကြသူတို့ ၏ ချို့ယွင်းချက် တစ်ခုဖြစ်သည် ၊၊
လွမ်း ဖူး ကြ သည် ၊၊
လွမ်း နေ ကြ သည် ၊၊
ဆွတ် ပျံ့ သိမ် မွေ့ စွာ လွမ်း သည် ၊၊
သီ ချင်း တွေ ခူး ရင်း လွမ်း သည် ၊၊
ကြယ် တွေ ကို မှိတ် ၍ လွမ်း သည် ၊၊
က ဗျာ တွေ ကို ခြွေ ၍ လွမ်း သည် ၊၊
“ မျက်တောင်လေး ရေ…
ဆက်ဝေးစရာ ကမ္ဘာကြီး
ကုန်သွားပါဦးတော့ . . .
တစ်သက် နဲ့ တစ်ကိုယ် လွမ်းမယ် ၊၊ ၊၊ ”


ကဗျာ

အဖြူရောင် ပြက္ခဒိန်လေးထဲ
အပြာဖွဖွလေး မွှေးလွင်သွား
တစ်သက် နဲ့ တစ်ကိုယ် သောကြာနေ့လေး
ချစ်သူ က အသစ်လဲခဲ့ပေါ့ ၊၊ ၊၊

ချစ်သူတို့တစ်ယောက်တစ်ဝက်ရေးတဲ့ အထိမ်းအမှတ်ကျောက်စာ

ကမ္ဘာကို အသစ်ကပြန်စ စေဦးတော့….
ချစ်သူ ရှိသော အရပ်တွင်
ပန်းများဆက်လက် ဖူးလွင်၍
သစ်ရွက်တို့က အစ
မွှေးမြစိမ်းပျံ့ နေမည် ဖြစ်သည် …..
မျက်တောင်လေး ရေ….
လာပါကွယ်
ပင်လယ်ကို တစ်ယောက် တစ်ဝက် ငေးကြပါစို့ ၊၊ ၊၊

အသည်းကွဲ ဇာတ်ညွှန်း

(၁) လတစ်လကို အသည်းအသန်ရှာဖွေနေသော ပြက္ခဒိန်

(၂) ဖိနပ်အပြတ်လေး ရှက်အားငယ်သွားတဲ့ လမ်း

(၃) အရောင်တွေဖွာနေတဲ့ ထီးလေးတစ်ချောင်းရဲ့ ဆောင်းရာသီ

(၄) ကိုယ့်ကိုကိုယ် ရပ်စောင့်နေတဲ့ ကားမှတ်တိုင်

(၅) မီးပြန်မလင်းလာတာ့မယ့် ပြတင်းပေါက်လေး

(၆) မိုးလင်းအောင် ငေးလိုက်ရတဲ့ တစ်ဝက်တစ်ပဲ့ည

(၇) တံခါးပိတ်ရန် စက္ကန့်ပိုင်းအလို

(၈) နံရိုးတစ်ချောင်းမှ မရှိတဲ့ ဗလာစာရွက်

(၉) နောက်တစ်မျက်နှာက လူတွေမပါရတဲ့ ဇာတ်ဝင်ခန်း

(၁ဝ) ဘယ်သွားရမှန်းမသိတဲ့ လိပ်စာလေး

(၁၁) မကြာခင် ငြိမ်းသွားမယ့် မီးအိမ်လေးမျက်နှာအလွှဲ

(၁၂) အဆိပ်ရှိတဲ့ ပန်းသီးတစ်ခြမ်းက ကိုယ့်ဘက်ရောက်နေ

(၁၃) ………………………………………………………စကားလုံးမရှိတဲ့ ပါးစပ်ပေါက်တစ်ခု

(၁၄) လေပြေတွေစုဆောင်းမိသွားတဲ့ မုန်တိုင်းဆန်ဆန် ရယ်သံ

(၁၅) ဘာသံမှထွက်လို့မရလိုက်တဲ့ သီချင်းတစ်ပုဒ်

(၁၆) မိန်းမတစ်ယောက်ပေးတဲ့ အိမ်ပြန်ချိန်ကို ခေါင်းငုံ့လက်ခံလိုက်ရ

(၁၇) အလင်းတစ်ခုကွဲသွားတဲ့ အသံ

(၁၈) ပန်းပွင့်တွေနဲ့ သစ်ရွက်တို့ တဖျန်းဖျန်းကြွေ

(၁၉) ဓူဝံကြယ် မသိလိုက်တဲ့ သံလိုက်အိမ်မြောင်လေးရဲ့ ဈာပန

(၂ဝ) စာတိုက်ပုံးလေး ပြိုလဲအသွား

(၂၁) ဘယ်ကိုလွင့်စင်ရမှန်းမသိဘူး

(ဝ) အလွမ်းနာ …………၊၊ ၊၊

ချုပ်ရိုးပြတ်နေတဲ့ လူ

တစ်ခါပြီး တစ်ခါ

အမဲလိုက်နေရတော့

လမ်းတွေတောင် ပြဲရိလာပြီ ၊၊ ၊၊

သစ်ချောင်းခြောက်လေးကပြောတယ်

သူက အရင်ကဆို ဂစ်တာတစ်လက်ပါတဲ့

အခုတော့

မီးလှုံခံထားရရှာတယ်…

သစ်ပင်အဟောင်းတွေလည်း သေပြီ ၊၊

ဖန်ဆင်းရှင် နဲ့

ဖန်တီးရှင် ဆိုတာ

ဘာတွေကွာခြားလဲသိတဲ့အချိန်

သဲကန္တာရလေး ပြန်တောင်းရဦးမယ် ၊၊

ဘယ်အချိန်တောင်ရှိနေပြီလဲ

ပြတင်းပေါက်ကြီးကို ဖွင့်မေးတော့

မျက်နှာဖုံးတွေ အပြောင်းအရွှေ့များတဲ့ရာသီ

ကြယ်တွေ တဖွဖွ ကြွှေတဲ့ရာသီ ကိုရောက်နေပြီတဲ့ ၊၊

အရုပ်ကြိုးဖြတ်လက်တွေနဲ့

မတော်တဆ

မိတ်ဆက်ရတဲ့အခါတော့

ခေါင်းခါဖို့ သံပတ်ပေးထားရမယ် ၊၊

ဒါက…

ဦးနှောက်ထဲ လက်ထိုးပြီး

အန်ထားတဲ့ကဗျာ …

ဘယ်အယူအဆကိုမှ ထည့်မရေးထားဘူး ၊၊

နားမလည်ဘူး

ဘာတွေ လုပ်နေမှန်းနားမလည်ဘူး

ဘာတွေ ပြောနေမှန်းနားမလည်ဘူး

ဒါဆို.. ခင်ဗျားမှန်ပါတယ်

ဒီမှာ ကဗျာကလွဲပြီး ဘာမှမရှိဘူး ၊၊

ကျွန်တော်က ချုပ်ရိုးပြတ်နေတဲ့လူ

ဘာမှမရှိတာလေးကလွဲလို့

ဘာမှမရှိတဲ့လူ

ဖျက်ချထားတဲ့လူ

ဖြတ်ချထားတဲ့ လူ ၊၊

တစ်ခါပြီးတစ်ခါ

အမဲလိုက်နေရတော့

ကောင်းကင်တောင် ပွန်းရိနေပြီ ၊၊ ၊၊

Friday, March 6, 2009

ပန်းရောင် ပိတောက်

(၁)

ရောက်ရှိနေသော အချိန်ကို ရှင်းလင်းပြပါမည် ၊၊

(၁) နွေရာသီ ဖြစ်သည် ၊၊

(၂) နွေရာသီ ဖြစ်သည် ၊၊

(၃) နွေရာသီ ဖြစ်သည် ၊၊

နှင်းတွေ ဝုန်းခနဲ အငွေ့ပျံပုန်းကွယ်သွားသော ရာသီဥတုတွင်ဖြစ်သည် ၊၊

ထို့ထက်ပို၍ တိကျရဦးမည်ဆိုလျှင် …..

ညတစ်ခုတွင် ဖြစ်သည် ၊၊

မနက်တစ်ခုတွင် လည်းဖြစ်နိုင်သည် ၊၊

(၂၄) နာရီ ၏ အစွန်းတစ်ဖက်တွင်ရောက်နေသောကြောင့် ဖြစ်သည် ၊၊

အနေအထားအရ ကျွန်တော် လမ်းလျှောက်နေသည် ၊၊

ဧပရယ်လ၏ (၁၂) ရက်မြောက်သောနေ့ စံတော်ချိန် ၁၁နာရီ တစ်ဖက်စွန်းစွန်းနားတွင် ကျွန်တော် လမ်းလျှောက်နေသည် ၊၊

ဆိုပါဦးစို့ … ကျွန်တော်လမ်းလျှောက်နေသည် ၊၊

နောက်တစ်လှမ်းဆို မနက်ဖြန်ကို သေချာပေါက်ရောက်ပြီ ၊၊

ဟော…မနက်ဖြန် ရောက်သွားသဖြင့် ဒီနေ့ဟုသုံးပါမည် ၊၊

ဒီနေ့သည် သင်္ကြန်ကျပြီ ဖြစ်သည် ၊၊

ယခုမှ နွေရာသီ၏ နွေးစိုသော ရနံ့ကို ကူးယူရရှိသည် ၊၊

မြနန္ဒာ … မြနန္ဒာ ၊၊

ဟင်.. ဒါ .. ဒါဟာ သီချင်းတစ်ပုဒ် ၏ အသံဖြစ်သည် ၊၊

မွှေးရနံ့တစ်ခု ကို ရရှိသည် ၊၊

ဟင်.. ပိတောက်ပန်းနဲ့တူလိုက်တာ ကျွန်တော့်နံဘေးမှာ ပျံနေတဲ့ ပန်းတွေက ပိတောက်နဲ့တူလိုက်တာ..၊၊

ဒါပေမယ့် .. သူတို့ အရောင်က ပန်းရောင်တွေဖြစ်နေတာက လွဲလို့ ပိတောက်ပန်းဖြစ်သည် ၊၊

ထို ပိတောက်ပန်းများသည် မြနန္ဒာ သီချင်းနဲ့ ကနေတာဖြစ်သည် ၊၊

မြနန္ဒာ ဆိုတာ ပိတောက်လား .. လူလား ၊၊

လူဖြစ်မည် ထင်သည် ၊၊သီချင်းလည်း ဖြစ်နိုင်လေသည် ၊၊

ဟုတ်တယ်… မြနန္ဒာ ကို လူတွေသိတာ သီချင်းဖြစ်သည် ၊၊

မြနန္ဒာ တစ်ကယ်ရှိခဲ့နိုင်သည် ၊၊ လောလောဆယ်တွင်တော့ …

မြနန္ဒာ သည် သီချင်းတစ်ပုဒ် အဖြစ်သာရှိခဲ့သည် ၊၊

ရှိနေသေးသည် ၊၊

ကျွန်တော် လမ်းလျှောက်ခြင်းကို ရပ်နားလိုက်တော့ ကျွန်တော့် အိပ်ယာထက်သို့ ရောက်ရှိနေပြီဖြစ်သည် ၊၊

ကျွန်တော် ဘယ်ကို လမ်းလျှောက်ထွက်မိမှန်း မရှင်းပြတတ်တော့ချေ ၊၊

မြနန္ဒာ … မြနန္ဒာ

မြနန္ဒာ ကတော့ …………၊၊ ၊၊

 

(၂)

မြနန္ဒာ … မြနန္ဒာ ၊၊

မျက်စိဖွင့်ကြည့်တော့ မနက်စောစောကိုတွေ့ ၊၊

မြနန္ဒာ သီချင်းသံကိုတွေ့ ၊၊

မေမေ ဝတ်ထားသော ယောဂီရောင် အဝတ်လေး၏ အကြိုနေ့ကိုတွေ့ ၊၊

ရေစိုနေပြီတောင် ဖြစ်သော သူငယ်ချင်းတစ်သိုက်ကိုတွေ့ ၊၊

ဧပရယ် ကို ချစ်ခင်ငြိတွယ်စိတ်ကလေး နဲ့ အပြုံးတစ်ခု ရေရွတ်အပြီး မှာ သူငယ်ချင်းတွေက သူတို့ကားကို ရပ်ပစ်လိုက် ကြ …..၊၊

အင်္ဂလိပ် နာမည် ဆန်းတစ်ခုပေးထားသော ရေကစားနန်းတော်ကို တွေ့ … ၊၊

နန်းတော်ကို လက်စသတ်နေပြီဖြစ်သော အလုပ်ကြမ်းသမား တစ်ချို့ ၊၊

ရေကစားနေပြီဖြစ်သော လူငယ်ကျဲကျဲပါးပါး တစ်ချို့ …၊၊

အကြိုနေ့လေး သည်လည်း လှပသည် ပဲ ၊၊

ထို့နောက် …. ၊၊

……………………………………………

……………………………………………

နန်းတော်ရှေ့ကိုငေးတော့…

အကြီးအငယ်စုံသော မော်တော်ကား တစ်ချို့ အိမ်ပြန်ချိန်ဆီရွေ့လျား ၊၊

နန်းတော်မှ လူငယ်တစ်သိုက် ရွေ့လျား သွား ၊၊

အရောင်တစ်ရောင် စ ၊ နှစ်ရောင်စ နတ်သမီးအချို့ ရွေ့လျားသွား ၊၊

သူငယ်ချင်းတစ်သိုက်ရှေ့မှ အမြုပ်တစ်စီစီနှင့် ရွှေရောင်တစ်ချို့ ဖန်ခွက်အတွင်းဆီသို့ ရွေ့လျားသွား ၊၊

ငါ .. ဒီနား ခဏဟုရေရွတ် …

နန်းတော်နားတစ်ဝိုက်သို့ လမ်းလျှောက်ထွက်အလာ

ပိတောက်ပင်ကြီး တစ်ပင်ကို ခမ်းနားစွာတွေ့

ပိတောက်ပင်အောက်မှာ ပန်းရောင်လေးတစ်ခု ငြိမ်သက်စွာစောင့်မျှော်နေ

ပန်းရောင်လေးနှင့်ကောင်မလေး တစ်ယောက် တစ်စုံတစ်ရာ (ထို့ထက်ပို၍)

တစ်စုံတစ်ရာကို စောင့်နေ …

ညနေတစ်ခင်းလုံး ပန်းရောင်ဖျန်းသွားအောင် ငေးမောနေမိ

မြနန္ဒာ သီချင်းက လွင့်ပျံလာ

ပန်းရောင်လေးကို ကျွန်တော်ငေးမောနေမိ ..

သူငယ်ချင်းတွေကားက ဘေးနားထိုးရပ် …

အိမ်ပြန်ချိန်ဆီခေါ်ဆောင်သွားရာ သို့ ကျွန်တော်ရွေ့လျားသွား

အိမ်ကိုရောက်တော့ .. အသံတစ်ခုကြားဆဲ

အရောင်တစ်ခုကို မြင်ဆဲ

မြနန္ဒာ …. မြနန္ဒာ ၊၊

ပန်းရောင်ဆန်သော တိုးတိတ်မှုကို ငေးမောတမ်းတနေမိခဲ့ ၊၊

 

(၃)

မြနန္ဒာ….. မြနန္ဒာ ၊၊

သီချင်းသံတွေ ပိုဆူလာခဲ့လေပြီ ၊၊

မနက်ခင်းကတော့ စားစရာများဆုံနေလေသည် ၊၊ စုံနေလေသည် ၊၊

ရိုးရာအစားအစာကို နှစ်သက်သဖြင့် မနက်ခင်းနှင့် နေ့လည်ခင်း နှစ်ခင်းစာ စားလိုက်မိလေသည် ၊၊

သူငယ်ချင်း၏ ကားရောက်လာမှ လက်စသတ်လိုက်သည် ၊၊

နန်းတော်ဆီရောက်တော့ သင်္ကြန်အကျနေ့ လတ်ဆတ်မှုကိုမြင်ရသည် ၊၊

နန်းတော်မှာ ပြည့်နေသောအရောင်အစုံအလင်ကို တွေ့ရသည် ၊၊

ဒီတစ်နှစ်တော့ မြတ်ပြန်ပြီ ဟုတွေးမိလေသည် ၊၊

သင်္ကြန်အကျနေ့ကို အပြုံးလေးတစ်ခု ထပ်မံပေးမိ၏ ၊၊

ပိတောက်ပန်းတစ်ချို့ကိုတွေ့တော့ ပိတောက်ပင်ကြီးဆီ စိတ်ရောက်သွားသည် ၊၊

ရင်ထဲမှာ ပန်းရောင်တစ်ချို့လှိုက်ခနဲ တက်လာလေသလားပါပဲ ၊၊

သင်္ကြန်အကျနေ့ရောက်လာတာတောင် သိပ်မပျော်ရွှင်မိ …၊၊

ညနေစောင်းတဲ့အထိ မောပန်းနေသော်လည်း ထူးထူးခြားခြား မပျော်မိ ၊၊

သူငယ်ချင်းက ဘယ်လဲမေးတော့…ဒီနားက ပိတောက်ပင်နား ဟုပြောလိုက်သည် ၊၊

တွေ့ပြီ ၊၊ ပိတောက်ပင်ကြီး ၊၊

ထို့ထက်ပို၍ ..

သိကြားမင်းဆင်းလာတာ ကျွန်တော့်ဘေးနားဖြစ်မည် ဟု ထင်လိုက်မိသည် ၊၊

ပန်းရောင်လေး ပိတောက်ပင်နားမှာ ရှိနေသည် ၊၊

ပန်းရောင်လေးရေ

ဥသြတွေကိုတော့ ပြန်လွှတ်လိုက်ပြီ

ဒီအရောင်လေးကိုပဲ တစ်နွေလုံး

ရေရွတ်ချင်နေမိ ..

ကိုယ့်ကို ပန်းရောင်တစ်စက်လောက်

လောင်းပေးပါကွယ် … ၊၊ ၊၊

မည်မျှငေးမောနေမိသည် ၊၊

သူငယ်ချင်းက ပုခုံးလာပုတ်တော့မှ အိမ်ပြန်ချိန်ကို သတိရမိသည် ၊၊

ပန်းရောင်လေး မရှိတော့ … ၊၊

မြနန္ဒာ….. မြနန္ဒာ ၊၊

သီချင်းသံလေးမရှိတော့ …. ၊၊

 

(၄)

မြနန္ဒာ….. မြနန္ဒာ ၊၊

သီချင်းသံလေးမကြားရတော့ သင်္ကြန်နံနက်ခင်းက ခါးသွားလေတယ် ၊၊

အကြတ်နေ့ရောက်ရှိလာတာတောင် မနှမျောမိသလိုပဲ ၊၊

မနှစ်ကတော့ နောက်တစ်ရက်ဆို သင်္ကြန်ကုန်ပြန်ပြီဟု ကြိုတွေးဝမ်းနည်းနေမိတာလေ ၊၊

တစ်ခုထူးခြားတာက မြနန္ဒာ သီချင်းသံမကြားရတာကိုတော့ နှမျောနေမိတယ် ၊၊

နောက်တစ်ချက် ထူးဆန်းတာက ဟောက်စ် သီချင်းတွေကိုတောင် ကျွန်တော်မြူးကြွမနေမိတာ ၊၊

ဘာပဲဖြစ်ဖြစ် ပန်းရောင်လေးကို ရေတစ်ခွက်လောင်းမယ်လို့ တွေးလိုက်တော့ ကျွန်တော်ပျော်သွားလေတယ် ၊၊

နန်းတော်မှာ ကျွန်တော် စိတ်ညစ်ပြီးထိုင်နေတာတွေ့တော့ သူငယ်ချင်းက ဘာဖြစ်နေတာလဲကွဆိုပြီး ဘီယာပုလင်းထိုးပေးသည် ၊၊

ကျွန်တော် ခေါင်းခါပြလိုက်သည် ၊၊

ဒီနေ့ အကြတ်နေ့အထိ ကျွန်တော် ရေမပက်ဖြစ်သေးတာကလည်း ဆန်းပြန်တယ် ၊၊

ကဲ..ဘာပဲဖြစ်ဖြစ် ကျွန်တော် စောင့်နေတဲ့ညနေကို ရောက်ပြီ ၊၊

ပန်းရောင်လေးနားကို ရေဘူးကိုင်သွားပြီး ယောင်တောင်တောင်နဲ့ ပိတောက်ပင်ကြီးကို မော့ကြည့်နေတော့ ပန်းရောင်လေးက ရယ်ချင်ဟန်ဖြင့် မျက်နှာလွှဲသွားတယ် ၊၊

ကျွန်တော် ရေလောင်းပါရစေ လို့ပြောတော့ ခေါင်းငုံ့သွားပြီး ခေါင်းကို တစ်ချက် ၊ နှစ်ချက် ဆတ်ပြတယ် ၊၊

ပန်းရောင်လေးကို ကြည့်ရတာ တစ်ခုခုကိုစောင့်နေသလိုပဲ ၊၊

ရေလောင်းအပြီး ကျွန်တော့် နာမည်ပြောမိတ်ဆက်တော့ သူမက ပန်းရောင်တစ်ချက် လက်ခနဲ ပြုံးတယ် ၊၊

ဟာ..ဒါတစ်ကယ်ပဲလား ၊၊

သူမ နာမည်က မြနန္ဒာ… မြနန္ဒာ….တဲ့ ၊၊

ကျွန်တော် မနက်ဖြန်လည်း ရေလောင်းခွင့်ရချင်ပါတယ် လို့ပြောတော့ ခေါင်းငြိမ့်ပြတယ် ၊၊

ကျွန်တော် နန်းတော်ဆီပြန်ရောက်လာတဲ့ အထိပန်းရောင်လေးက စောင့်နေတုန်းလားမသိပါ ၊၊

ပိတောက်ပင်ကြီးကို စောင့်နေတာလား ၊၊

ဒါမှ မဟုတ်… ၊၊

ဒါနဲ့ စကားမစပ် .. ၊၊ ကျွန်တော်တို့ ရေကစားတဲ့ ဌာနေကြီးနာမည် က နန်းတော်တဲ့ ၊၊

မြနန္ဒာ….. မြနန္ဒာ ၊၊

စောင့်နေခဲ့ဦးကွယ် ၊၊

(၅)

ဒီနေ့ နောက်ဆုံးနေ့နော်

အေးကွာ

ကျွန်တော်က တိုင်ပင်သလိုပြောတော့ သူငယ်ချင်းက စိတ်ပျက်လက်ပျက်ထောက်ခံလေသည် ၊၊

ငါ ဒီနှစ်မပျော်သလိုပဲ

အာ.. မင်းကလည်း ၊၊ နန်းတော်က ဒီနှစ်အမြတ်ဆုံးလို့ ငါထင်တယ် ၊၊လူတွေက သန့်လည်းသန့်တယ် ၊၊ ရန်မဖြစ် ၊ ပြဿနာမတက် ၊ ပိုက်ဆံမြတ် ၊၊ ဟီး .. ဘယ်လောက်တောင် ကောင်းသလဲကွာ ၊၊

ငါ .. ငါ ကောင်မလေး တစ်ယောက်ကို ချစ်မိသွားလို့ကွာ

မင်းကလဲကွာ ..၊၊ ချစ်သွားရင် လှုပ်ရှားပေါ့ဟ၊၊ ရင်းနှီးဖို့ က ဒီလောက်မခက်ပါဘူးကွာ ၊၊ မင်းကဘာမှမလှုပ်ပဲ ပိတောက်ပင်ကြီးနားကိုပဲသွား ၊၊ ပိတောက်ပင်ကိုပဲငေးနေတာကိုး ၊၊အဲဒီလိုကြေကွဲနေရုံနဲ့ မင်းကို မင်းချစ်နေတဲ့ ကောင်မလေး က မြင်မှာမဟုတ်ဘူး ၊၊ ငပေါ ၊၊မနေ့ကလည်း ပိတောက်ပင်ကြီးကို ရေသွားလောင်းနေတယ် ၊၊ ငပေါကောင် .. ဟားဟား

အာ .. ငါပြောတဲ့ကောင်မလေးကို သွားလောင်းတာပါကွ

လုပ်မနေနဲ့ . ဟတ်ကောင် ၊၊ ငမူးကောင်

ဟာ တော်ပြီကွာ ၊၊ မင်းကို ပြောမနေတော့ဘူး ၊၊

အေး ၊၊ကောင်းတယ် ၊၊ မပြောနဲ့ ၊၊ နန်းတော်ကို လစ်မယ် ၊၊နောက်ကျနေပြီ

နန်းတော်ဆီရောက်တော့ ကျွန်တော် နန်းတော်အနောက် ထဲမှာ ထွက်ထိုင်နေမိသည် ၊၊

မြနန္ဒာ….. မြနန္ဒာ ၊၊

ကျွန်တော် သီချင်းလေးညည်းနေမိသည် ၊၊

ညနေရောက်တော့ ကျွန်တော် ပိတောက်ပင်ဆီအပြေးတစ်ခြမ်းနှင့် ထွက်လာမိသည် ၊၊

မျှော်လင့်ချက်တွေကို ဓားနဲ့စောင့်ထိုးသလို ခံစားလိုက်ရသည် ၊၊

ဟာ .. မဖြစ်ရဘူး .. အဲဒီလို မဖြစ်ရဘူး ၊၊

ပိတောက်ပင်ကြီးကိုသာတွေ့သည် ၊၊

ပန်းရောင်လေး ရေ…

ရောက်မလာဘူးပေါ့ကွယ်၊၊

စိတ်ပျက်လက်ပျက် ပိတောက်ပင်ကြီးအောက်မှာ လှဲချလိုက်မိသည် ၊၊

ပန်းရောင်လေး ဘယ်မှာလဲ သိချင်လှသည် ၊၊

ကျွန်တော် အိပ်ပျော်သွားသလိုလို ရှိသလား မသိ၊၊

ကျွန်တော် ဘေးပတ်ပတ်လည်ကို ပန်းရောင်ပိတောက်ပေါင်းများစွာ ရွာချနေသည်၊၊

မွှေးရနံ့ ထဲမှာ ပန်းရောင်တွေပါလာလေသည် ၊၊

ပိတောက်တွေ ကနေသည် ၊၊

ကျွန်တော်က သီချင်းလေး ညည်းလို့…. ၊၊

မြနန္ဒာ….. မြနန္ဒာ ၊၊

ဟာ.. ဟေ့ကောင် ၊၊ မူးရင်လည်း ငါတို့ကားပေါ်အိပ်နေပါလား ၊၊ မင်းကို စိတ်မချလို့လိုက်ရှာနေတာ ၊၊ ကံကောင်းလို့ .. ၊၊ လာ .. ထ ၊၊ ကားပေါ်မှာ သွားလှဲ ၊၊ ဒါမှ မဟုတ် ၊၊ အိမ်ပြန်မယ် ၊၊

ဟာ .. ငါ မမူးနေပါဘူး ကွ

လာပါကွာ .. ၊၊ မင်းက လိမ်မာတယ်နော်၊၊ လာ

သူငယ်ချင်းတွေ အတင်းဆွဲထူပြီး ချုပ်ကိုင် ခေါ်သဖြင့် ကျွန်တော် ယက်ကန်ယက်ကန် ပါသွားသည် ၊၊

ပိတောက်ပင်ကြီးကို နှုတ်ဆက်ကြည့်ကြည့်ဖို့ လှည့်လိုက်တော့ …….

ညက ပန်းရောင်တို့ရဲ့အောက်ကို ရောက်သွားသည် ၊၊

ဟာ..ဟိုမှာ ၊၊ ငါပြောတဲ့ကောင်မလေး ၊၊ ငါ့ရဲ့ ပန်းရောင်လေး

ဘယ်မှာလဲ ၊၊ ဟာ .. မင်းအရမ်းမူးနေပြီ ၊၊ ဘာပန်းရောင်မှ မရှိဘူး ၊။ ပိတောက်ပင်ပဲရှိတာ ၊၊ လာပါကွာ အိမ်ကိုပြန် ပြန်အိပ်လိုက်တော့ ၊၊ နော် ၊၊ လာ လာ ၊၊

မလုပ်ပါနဲ့ကွာ ၊၊ ခဏလေးပါ ၊၊ရေလေးတစ်ခွက်လောက်ပဲ လောင်းမှာပါ ၊၊ ခဏလောက်လွှတ်ပါ ၊၊ ငါ့ကို လွှတ်ပေးပါ ၊၊

ကျွန်တော် စိတ်ပျက်ဝမ်းနည်းစွာ အော်ဟစ်မိသွားသည် ၊၊

ပန်းရောင်လေးဖက်ကို လှည့်ငေးတော့ ပန်းရောင်လေးက တစ်ခုခုကို ရှာတွေ့သွားသလိုမျိုးဖြစ်နေသည် ၊၊

ကျွန်တော် စကားတစ်ခွန်းလောက်ပြောဖို့ ၊ ရေတစ်ခွက်လောက် ပက်ဖို့ အတင်းရုန်းကန်သော်လည်း မရတော့ပါ၊၊

ပန်းရောင်လေး ရယ်၊၊

အိမ်ပြန်ရောက်တဲ့အထိ စိတ်ညစ်ညူးအားလျော့နေသည် ၊၊

မြနန္ဒာ….. မြနန္ဒာ ၊၊

သီချင်းသံတစ်ခု တိုးဖျဖျ ကြားလိုက်ရသည် ၊၊

ပန်းရောင်လေး ရယ် ၊၊

 

(၆)

သူငယ်ချင်းတွေကတော့ ပိတောက်ပင်ကြီးကိုသာတွေ့သည်ဟုဆိုသည် ၊၊

သူတို့မူးမနေပါ ၊၊

ထို့အတူ….

ကျွန်တော်သည်လည်း မူးမနေပါ ၊၊

မြနန္ဒာ က ဘာလဲ ကျွန်တော် မသိပါ ၊၊

ဘာပဲဖြစ်ဖြစ် ဒီနှစ်သင်္ကြန်သည် ကျွန်တော့်အတွက်..

ကျွန်တော့်အတွက်တော့ ပန်းရောင်ပိတောက်လေး ပွင့်ခဲ့သည် ၊၊

အချိန်ကာလ အရ..

နှစ်ဆန်းတစ်ရက်နေ့

ကျွန်တော် ဘုရားပေါ်တွင် ဘုရားရှိခိုး ဆုတောင်းနေပါသည် ၊၊

 

ပန်းရောင်လေးရေ

နွေရာသီကို…

ပိတောက်ပင်ကို…

ရေပက်တဲ့ပွဲတော်လေးကို…

စောင့်ရှောက်နိုင်ပါစေကွယ်…၊၊ ၊၊

 

မြနန္ဒာ….. မြနန္ဒာ ၊၊

သီချင်းလေးတည်ရှိနေသေးသရွေ့

ပိတောက်တွေ ပန်းရောင်ပွင့်လာတဲ့အထိ

ပန်းရောင်လေးရေ

စောင့်နေခွင့်ပြုပါကွယ်….၊၊ ၊၊