Sunday, October 26, 2008

မမ ရဲ့ အမဲလိုက်ရာသီထဲမှာ ကျွန်တော်ကျန်ရစ်ခဲ့

ကျွန်တော်တို့တွေ. . . ဝေး

နိုးကြားခြင်း နဲ့ အိပ်မက်လို

လေတံခွန်လေး နဲ့ မိုးကောင်းကင်လို

ဝေးသွားခဲ့ကြပြီ. . . . .၊၊

 

မ ရဲ့ မနက်ဖြန်တွေမှာ

အတူတကွ လမ်းလျှောက်ခွင့်

ကျွန်တော်. . . .

ကျွန်တော် ဘာလို့ မရတော့တာလဲ. . . . .

 

အိပ်မက်ဆိုးက မနိုးဖြစ်သေးတာ ကြာပြီ

မိုးတွေ စိုနေခဲ့တာ ကြာပြီ

တိတ်တိတ်လေး မှောင်နေရတာ ကြာပြီ

ကြာပြီ လို့ပြောနေရတာ ကြာပြီ

အရာရာ ဟာ ကြာခဲ့ပြီးခဲ့ပြီ ပြီးပြီ. . .

 

အတူတူ နိမ့်ကျခဲ့

အတူတူ မြင့်မြတ်ခဲ့

အတူတူ သိမ်ငယ်ခဲ့

အတူတူ ရဲရင့်ခဲ့

အတူတူပါပဲ . . . ပျောက်ဆုံးခဲ့ပြီ

 

မနိုင်ချင်ခဲ့ပါဘူး

ပန်းဘာသာ နဲ့ မီးအိမ်လေးက

မှောင်တလှည့် ၊ လင်းတဖန်

အရောင်တွေ မဲ့ရရုံနဲ့ ကျေနပ်ခဲ့တဲ့ကောင်

မ နိုင် ချင် ခဲ့ ပါ ဘူး . . . .မ ရယ်

 

တမှတ်တရ ရှိဆဲ

ကျွန်တော့် နက္ခတ်တွေမှာ

မ မျက်ဝန်းညိုတွေပျံ့လဲ့

ခုထိ….လွမ်းတယ်

 

အတူရောက်ဖူးတဲ့ နေရာတွေ မျှော်လိုက်တိုင်း

ကိုယ့်မျှော်လင့်ချက်ပဲ ကိုယ်ပြန်တွေ့

ရင်ဘတ်တစ်ခြမ်း နဲ့ အသက်ရှုနေရသလိုပဲ

မောတယ်. . . . . .

 

လက်ဝဲထောင့်က သီချင်းတွေသာ

ပိုကျယ်လာခဲ့တယ်. . . .

ပစ်ချက်လွဲအကြည့်တွေမှာတောင် သေခွင့်မရ

အိမ်ပြန်ချိန်တွေကိုတောင် ဝမ်းနည်းခွင့်မရတော့ဘူး ၊၊

 

မ. . . .

ကျွန်တော့် ရဲ့ နတ်ဘုရားမ

လက်တော်ထဲမှာ

ကျွန်တော့်ကို ထိုးခွင်းတဲ့ ဓားတွ ပွင့်ခဲ့သူ . . . .

 

မြင်းရိုင်းခွာသံတွေအောက်က နှင်းဆီရနံ့တွေလို

တခြိမ့်ချုန်းချုန်းနဲ့

ရဲရဲနီစွင့်အောင်

ကျွန်တော် နင်းခြေခံခဲ့ရတယ်. . . .

 

နွေရာသီလေးမှာ ဖြာနွေးခဲ့

မိုးရာသီးလေးမှာ သွန်းစိုခဲ့

ဆောင်းရာသီလေးမှာ အေးငွေ့ခဲ့

အဲဒီ အင်နဲ့အားနဲ့ ဒိုင်ယာရီလေးမှာ ပန်းပွင့်တွေကြွေ. . .

 

ဘယ်ပန်းတွေရဲ့ ပွင့်ချက်တွေကများ ရိုင်းခဲ့လို့လဲ

တစ်ဘဝစာ ပွင့်ပြီးမှ

ဟုန်းဟုန်းမြေ့မြေ့ ကြွေပေးခဲ့ရတာ

လှိုက်လှိုက်နင့်နင့်ကို ခါးတယ် ၊၊

 

ဆောင်းဥတုလေးကို နွေနဲ့ချုပ်ဖို့ကြိုးစားရင်း

အရည်တဆစ်ဆစ် ဖျော့လျအောင်

ကြွေခဲ့ရတဲ့ နှင်းက

ကျွန်တော်ပေါ့ . . . .၊၊

 

အနာဂတ်မှာ ပန်းတွေမပွင့်ကြေးဆိုတဲ့ ကျိန်စာတွေက

သားကောင်ငယ်ရဲ့ အသည်းကွဲရာသီဥတုမှာ

စနစ်တကျ ၊ ပုံသေတကျ နဲ့

မားမားမတ်မတ် ကို လွမ်းခြုံထားခဲ့တယ် ၊၊

 

ဥယျာဉ်ပျက်ထဲက ပြဇာတ်ရုံ

(လှည်းတန်း ကားမှတ်တိုင်လေးကို သွန်းမိတဲ့ နာမလေး)

အလွမ်းနာ ဇာတ်နာ တွေကိုပဲ

မျက်လုံးတွေ မမှိတ်နိုင်သေးဘူး ၊၊

 

ဘယ်လို နက္ခတ်အနီမှာများ

ရပ် စောင့် နေ မိ ပါ သ လဲ

ကြယ်ကြွေတွေရဲ့ ပွတ်တိုက်မှုမှာ

ရင်ဘတ်ထဲ မီးတွေတောင် ချုန်းချုန်းသည်းခဲ့ပေါ့. . . ၊၊

 

မ ရဲ့ ကောင်းကင်ကြီး

ရွှေအိုရောင်တွေ ပြန်ဝတ်တဲ့တစ်နေ့

ကျွန်တော့်ကို . . .

သတိရ ကြည့်ပါ .. မ ရယ်

 

ကျွန်တော့်ကို မစောင့်ပေးခဲ့သူ. . .

ကျွန်တော့်ကို ချန်ရစ်ခဲ့သူ

မမ ရဲ့ အမဲလိုက်ရာသီတွေထဲမှာ

ကျွန် တော် . . . ကျန် ရစ် ခဲ့

ကျွန်တော် ငုံ့ထားတဲ့ ခေါင်းထဲမှာပဲ

မ ရဲ့ ခြေသံတွေ ဖြတ်လျှောက်သွားဆဲ

ကျွန်တော်. . . ကျန်ရစ်ခဲ့

မ မ ရဲ့ အ မဲ လိုက် ရာ သီ တွေ ထဲ မှာ

 

အလွမ်းတို့ နဲ့ နှစ်ကူးတဲ့

အသည်းကွဲ ပွဲတော်နေ့

မနေ့ကလိုပဲ. . . အခုထိ

အ ခု ထိ . . . လွမ်း တယ် . . . . . . . . . . . . . .

 

လွှင့်ပစ်ခံရတဲ့ ကဗျာ

ကျုပ်ရှေ့မှာ ဖြတ်ပြီးလျှောက်နေတဲ့

အဲဒီ….လူတစ်စု ကို

မမြင်ချင်ပဲ မြင်နေရတဲ့ ကျုပ်က

မျက်မမြင်တွေ ဘဝကို အားကျတဲ့ လူ . . . .

ကျုပ်နားမှာ ကောင်းကင်ကို ခိုနေတဲ့လူတွေ. . .

ကျုပ်နားမှာ မြေပြင်နဲ့ ပိမြုပ်နေတဲ့ လူတွေ . . .

ကျုပ်နားက ကျွန်တော်ကတော့

ငါတွေနားမှာ ပုန်းကွယ်နေရတယ် . . ၊၊

ရော့ခ်အင်ရိုး တစ်ခေတ်လုံးကနေ . . .

ဆံပင် အရောင်ဆိုးတဲ့ ခေတ် ၊ ဆံပင်ဖြောင့် တဲ့ ခေတ် အထိ

ကျုပ်က သာ မပြောင်းမလဲ

စိတ်အချဉ်ပေါက်မှုတွေနဲ့သာ မူးယစ်နေခဲ့ကြရ. . . .

ဥသြတွေရဲ့ နွေတစ်ချပ် . . .

ထီးပွင့်တွေရဲ့ မိုးတစ်အုပ် . . .

အနွေးထည်တွေရဲ့ ဆောင်းတစ်ဆုပ်. . .

ကျုပ်ရဲ့ မျှော်လင့်တကြီး မျက်လုံးတွေကို မမြင်ကြဘူး ၊၊

ကျုပ်ရဲ့ လမ်းကြိုလမ်းကြား လူတန်းစား

ဇိမ်ခံမှုလေးမှာ . . .

လျှပ်စစ်မီးပျက်နေတဲ့ ဓာတ်ဆီ ရနံ့တွေကြောင့်

လက်ဖက်ရည်ဆိုင်တွေမှာ မန်ယူပွဲမလာဘူး ၊၊

ကျုပ်က လွယ်အိတ်အပေါက်လေးနဲ့

ကဗျာဆရာ သိပ်ဖြစ်ချင်တဲ့ကောင်. . .

စကားလုံး ရှားပါးမှုတွေကြားမှာ

ဒီလိုပဲ…ဘေးထွက်ထိုင်နေရတာပါပဲ

ဒီလိုနဲ့ပဲ. . .

ကျုပ်က ဒီလူတွေကို မေ့ချင်သလိုမျိုး

ဒီလူတွေက ကျုပ်တို့ကို မေ့ထားသလိုမျိုး

ကျုပ် ကို လည်း ခင် ဗျား တို့ မေ့ သွား ပါ လိမ့် မယ်

အခုလည်း . . .

လွတ်တဲ့ ငါးကြီးတွေကို မျှားဖို့

ဒီလူတွေ မြို့ပြောင်းပြီး

နဂါး ဖမ်း ထွက်သွားကြတယ်လေ….၊၊

ပြောင်းပြန်ဆောက်ထားတဲ့ မြို့

ပင်လယ်က ကောင်းကင်နေရာမှာ

တက်ထိုင်ပြီး ထီးတွေကိုရွာတယ် ၊၊

လူတွေကြားမှာ. . . .

မိုးဥတုတစ်လက်ကတော့

ရောင်းလို့ဝယ်လို့ကောင်းကုန်တယ် . . . .

ဆီးနှင်းတွေက

တဝုန်းဟီးဟီးဆူနေတဲ့အတွက်

လူတွေက အနွေးထည်တွေနဲ့

လေခပ်ကြရတယ်၊၊

ဝင်ရိုးစွန်းဒေသတွေမှာတော့

တောနှင်းလောင်တယ်ကြားတယ်၊၊

ဥသြတောင် ခိုက်ခိုက်တုန်သွားအောင်

နွေက ချမ်းလွန်းတယ်၊၊

နေပူစိမ့်စိမ့်အောက်မှာ

လရောင်ကို လိုက်ရှာရင်း

သူတို့တွေ မေးချင်းရိုက်ကုန်ပြီ၊၊

ကောင်းကင်က ငါးတွေက

ပင်လယ်က ငှက်တွေကို မျှားတယ်၊၊

တိမ်တွေက ပေါလောမျောပြီး

မိချောင်းတွေတောင် တိမ်ယောင်ဆောင်တတ်ကုန်ပြီ၊၊

ရေမှုန်လိုလုပ်ပြီး

နေပူခံတဲ့အတွက်. . . .

သက်တန့်စော်တောနံတယ်၊၊

မြစ်ကလက်တစ်ခုပ်စာပဲရှိတဲ့အတွက်

လူတွေက သွန်လိုက် ၊ မှောက်လိုက်နဲ့

လူစီးကြမ်းတယ်၊၊

မုန်တိုင်းကြောင့်အေးဆေးရပါတယ်ဆိုတဲ့လူတွေက

မုန်တိုင်းကို စောင့်မျှော်ဆုသီလို့. . . . .

သူတို့ကတော့ အပုပ်အစပ်ကြိုက်တယ်၊၊

(တောကြောင်နဲ့ စပ်ဖောက်ထားတဲ့

လင်းတလို ဥပဓိမျိုးနဲ့ပေါ့ )

အဲဒီမြို့မှာက. . .

မီးများလည်း မီးနိုင်

ရေများလည်း မီးပဲနိုင်တော့

လူတွေက ပူလောင်ကြတယ်၊၊

သိပ္ပံခေတ်ကြီးကလည်း

ကျဆင်းလာလိုက်တာ……

ချစ်သူချင်း စစ်တွေဖြစ်

ရန်သူချင်း ကျောသပ်ပေါင်း. . .

မိတ်ဆွေချင်း မျက်မုန်းကျိုး. . .

လူတွေက ခွေးလိုအူ

ခွေးတွေက ပလ္လင်ပေါ်တက်ထိုင်….

နှိုးစက်တွေနဲ့ အိပ်ရာဝင်. . .

အိပ်ရာဝင်သီချင်းတွေနဲ့ တရေးနိုး

လူမိုက်တွေက လေဟုန်စီး

ပညာရှိတွေက ထောင်ထဲဝင်ရ…

လူတွေက ခြင်တွေဆီက သွေးပြန်စုပ်.. .. ..

ခြင်တွေက လူနိုင်ဆေးတွေ မီးတို့နေရ. . .

ဝတ်ရည်စုပ်တဲ့ ယင်ကောင်တွေကိုဖမ်းရင်း

အညှီရှိရာမှာ လူတွေ အုံနေကြတယ်လေ. . . . ၊၊

အညာလေက ခါးခဲ့သလား...စာဥ

ပင်အိုရိုင်းတွေတောင်
ယဉ်ကျေးမှု အလိုက်နဲ့ ပေါက်ရောက်နေကြပြီ
အညာလေက ခါးခဲ့လို့လား. . .
မြို့ကြီးရောက်နေတဲ့. . . စာဥ ရယ်

တစ်နှစ်က ဥသြလေးတောင်
ဒီ တမာပင်လေးကို ပြန်ရောက်လာလေသလား
ငါ နဲ့ တမာအိုပင်ကြီးကတော့
နွေရာသီ အဟောင်းလေးကိုပဲ လွမ်းတယ် ၊၊

ရေခပ်ဆင်းချိန်တွေမှာ
ခရမ်းရောင်ပန်းလေး မပွင့်တာ ကြာပြီ
ပန်းရိုင်းကပွဲတွေမှာ
ငါ့ မယ်ဒလင်လေး နင့်ရှေ့မရောက်တာ ကြာပြီ ၊၊

ကွမ်းတောင်ကလေးက နင့်လက်ဗွေရာကို
မျှော်ငေးရပ်တည်နေလေရဲ့ . . .
လယ်စောင့်တဲရဲ့ လယ်ကွင်းအဝါလေးကို
နင် စိတ်ဦးမလှည့်မိဘူးလား . . . စာဥ

စာဥ ရေ . . .
နင့် နဖူးမှာ ဘယ်နှုတ်ခမ်းတွေ ပွင့်နေပြီလဲ
ဒါမှမဟုတ် . . .
ဘယ် ကာဖီ ခါးခါးတွေက နင့် နှုတ်ခမ်းကို သောက်သုံးနေပြီလဲ ၊၊

အတိတ်ဆိုတာ . . . တစ်ကယ်တော့
နင့် နောက်ကျော နဲ့ နင့် အရိပ်ပါပဲ . . .
နှုတ်ခမ်းတွေ တင်းတင်းပိတ်ထားတုန်းလား
ပါးစပ်ပါရင် ရွာရောက်ပါတယ် ကွယ် . . .

ငါ့ ၁၂ ရာသီရဲ့ ရာသီဥတုမလေး ရေ
ငါ့ အညိုရောင်ပါးကွက်ကြား ရွာသူမလေး ရေ
ငါ့ လှောင်ချိုင့်တွေရဲ့ ထိတ်တုံးမလေး ရေ
အရင်လို နှစ်လိုဖွယ်ပြုစားဖို့ ပြန်ဖန်ဆင်းမယ် မဟုတ်လား

အခုတော့ . . . မျှော်လင့်ချက်တစ်ခွဲသားနဲ့ကြွေတဲ့
တမာရွက်အိုတွေပဲ တမှတ်တရကောက်သိမ်းနေရတယ် . . .
လှေနံဓားထစ်မြို့ပြရောက် . . . ချစ်တဲ့ စာဥ ရေ
အ ညာ လေ က ခါး ခဲ့ ပါ သ လား ကွယ် . . . ၊၊ ၊၊

ဒီ....ဘူတာအိုမှာ ပန်းတွေပွင့်ခဲ့ဘူးတယ်

တဖြည်းဖြည်းနဲ့ ဝေ့ပျယ်လွင့်စင် သွားမယ့်
ပတ်သတ်ဖူးတဲ့ ကျောပြင်လေးကို
ရထားအထွက်က ဘူတာရုံလေးလို . . .
နေခြည်အရောက်က နှင်းငွေ့လေးလို . . .
ယိုယိုယွင်းယွင်း ငေးမောနေမိ . . . . ၊၊

သောကြာနေ့ချင်း မတူခဲ့ပေမယ့်
အရောက်နောက်ကျတဲ့
ခြေလှမ်းချင်းတော့ တူညီခဲ့ကြတာပဲကွယ်. . . .

သူတခြားကိုင်တဲ့ ပန်းတွေပွင့်တဲ့လက်ကလေးကို
ခွင့် ပြု ခဲ့ ရ . . . .
သူတခြားဆီလှမ်းသွားတဲ့ နှင်းကြွေခြေဖဝါးလေးကို
ခွင့် လွှတ် ခဲ့ ရ . . . .

နှုတ် ဆက် တယ်
နှုတ် ဆက် ပါ တယ်
နှုတ် ဆက် လိုက် ပါ တယ်
နှုတ် ဆက် ခဲ့ လိုက် ပါ တယ် . . .


လှည့်ကြည့်မနေပါနဲ့တော့ကွယ်
ဒီ ဘူတာအိုမှာမှ
ခရီးစဉ် မရှိတော့တာပဲ ၊၊