Thursday, September 24, 2009

အစိမ်းရောင်ကောင်းကင်

အကူအညီ ပိုနေလျှင် တောင်းပါ၊၊လိုအပ်မည်ဆိုလျှင် ယခုမက်နေသော အိပ်မက် အကြောင်းကိုပြောရန် တရေးနိုးပေးပါမည် ၊၊ မတန်မတော်သော လမ်းကို ဖြဲကားလျှောက်နေသော သူများနှင့် ရောထိုင်နေသော ချော်လဲသူများကို လက်ခုပ်တီးရန် လက်မအားပါ၊၊ ကျွန်တော် အသားညိုပါသည်၊၊မျက်နှာရှုံ့ချင်သော သူများအား မဲ့ပြမည် မဟုတ်ပါ၊၊အသားလှစေရန် မလိုအပ်သော ထီးများဆောင်းမပြတတ် ပါ၊၊ထိုသို့ဖြင့်... တစ်ဆောင်းလုံး ထီးများ ပိတ်ထားဦးမည် ဖြစ်သည် ၊၊
အစိမ်းရောင် ကောင်းကင်လေး အားမျှော်ကြည့် ဖူးခဲ့သည်၊၊စီရရီ လွဲချော်မှုများက မိုးကြီးမှောင် ချပစ်ခဲ့ပါသည်၊၊ သော့လေးကိုင် ကာ တံခါးပျောက်နေသောသူမှာ ကျွန်တော်ဖြစ်သည်၊၊မီးမှိတ်ထားခဲ့သောကြောင့် အခန်းလေးကိုသာ ငေးခွင့်ရှိတော့သည်၊၊မလိုအပ်သော အရာများအတွက် နှလုံးသားအား ကန်းပစ်ချင်ပါသည်၊၊မမြင်လိုသောအရာများအတွက် မျက်စိမှိတ်ကာ မျှော်လင့်လိုသော အရာများကို စမ်း တမှန်းမှန်း ရှာနေခဲ့ရသည်၊၊ မကြားလိုသော အရာများကို ငြင်းဆန်ပစ်ရန် နားများကို မှိတ်ထားချင်ခဲ့၏၊၊နားများကို ပိတ်ထားရန် လက်မအား တော့ပါ ၊၊အသံများကို မုန်းပါသည်၊၊ ထို့ကြောင့်...ပါးစပ်များကို မုန်းတတ်လာပါသည်၊၊မျက်နှာချင်းဆိုင်ထားပြီး ဝေးခဲ့ရခြင်း အတွက်ကို လည်ပြန်လှည့်ကာ လွမ်းနေရန် ကျွန်တော် ရှက်မည် မဟုတ်ပါ ၊၊
ကိုယ့်ကို မိုးထားလိုသဖြင့်ရွာချခြင်းမျိုးကို မနှစ်သက်သဖြင့် မိုးရွာခြင်းကို မကြိုက်ပါ၊၊မိုးတိမ်များရာ မိုးရွာသောခေတ်တွင် ကျွန်တော်သည် နွေကိုသာ ရွာလိုပါသည်၊၊အလိုပါသည်ဆိုလျှင်ပင် အလိုတူပါမှ လက်ခံမည် ဖြစ်သည်၊၊ပါးစပ်မပါသော မြို့တွင် မနေချင်သဖြင့် ရွာပြန်လိုလျှင် ပါးစပ်ပါမှသာ ရွာရောက်မည်ဟု ကြားဘူးပါသည်၊၊စကားသာရှိပြီး ပါးစပ်မရှိသောမျက်နှာများ ပြုံးကြမည်ထင်သည်၊၊ပင်လယ်ကို လိုချင်သဖြင့် မြစ်ကိုလွှင့်ပစ်သောလက်များနှင့် ကျွန်တော့်ကို နှုတ်မဆက်ပါနှင့်၊၊လူပိုင်သူပိုင်များသော ယခုလမ်းတွင်ပင် အများကြီး လျှောက်မည်ဖြစ် သည်၊၊ဆဲဆိုခြင်းကို လက်မခံလိုပါ၊၊အစွယ်မရှိပဲ ကိုက်တတ်သော သတ္တဝါထဲတွင် ကျွန်တော်လည်း ဝင်ပါထားပါသည်၊၊အစိမ်းရောင်တံခါး လေးအား ငေးလိုပါသည်၊၊အဆိပ်ဖျန်းထားသော လေငွေ့ရိုင်းများနှင့် အခန်းလေးအား ဝူးဝူးဝါးဝါး မှုတ်ငြိမ်းမပစ်ပါနှင့်၊၊ ကျွန်တော်သည်ပန်းပွင့် ကို နမ်းရခြင်းထက် သစ်ရွက်ကိုသာ နမ်းခွင့်ရလိုသူ ဖြစ်သည် ၊၊
သို့သော်.....

ကျွန်တော် အစိမ်းရောင်မလေးကို ချစ်သည် ၊၊
သို့ရာတွင် . . .
ကျွန်တော် အစိမ်းရောင်မလေးကို ချစ်သည် ၊၊
အဘယ့်ကြောင့်ဆိုသော် . . . .
ကျွန်တော် အစိမ်းရောင်မလေးကို ချစ်သည် ၊၊
ထို့ကြောင့် . . . .
ကျွန်တော် အစိမ်းရောင်မလေးကို ချစ်သည် ၊၊
မည်သို့ပင်ဆိုစေကာမူ . . . .
ကျွန်တော် အစိမ်းရောင်မလေးကို ချစ်သည် ၊၊
ထိုသို့ဖြင့် . . . .
ကျွန်တော် အစိမ်းရောင်မလေး ကို ချစ် နေ ဦး မည် ဖြစ် သည် ၊

 

Tuesday, September 15, 2009

ဒုက္ခ မီးအိမ်

တနင်္ဂနွေမှာ
ဝတ်မှုန်လေးတွေ အချင်းချင်း စကားများကြရင်း
နှင်းဆီတွေပွင့်ဖို့ ရပ်ဆိုင်းလိုက်ကြတယ် ၊၊ ၊၊

တနင်္ဂနွေမှာ
လေပြေတွေဟာ ဘာအရည်အချင်းမှမရှိကြဘူး
ချက်ချင်းကြီး
ဥယျဉ်အဖြစ်ကနေ
လျှောကျပေးလိုက်ရတယ် ၊၊

တနင်္ဂနွေမှာ
တစ်ယောက်က တစ်ယောက်ရဲ့
တစ်ယောက်ဖြစ်ကြပါလျက်
တနင်္ဂနွေမှာပါပဲ
တစ်ယောက်က တစ်ယောက်ရဲ့
တစ်ခြားတစ်ယောက်ဖြစ်ခဲ့ကြရ …. ၊၊

တနင်္ဂနွေ နဲ့ ငါဟာ
နင်နဲ့ငါ ဝေးသလိုမျိုး ဝေးသွားတယ်
ပြက္ခဒိန်တစ်ခြမ်းစာ ဒဏ်ရာလေး
ငါ့ တစ်ဝိဥာဉ်စာ လက်ခံထားရဆဲ. . . . ၊၊

တစ်ကယ်တော့…..
သတိရခြင်းဆိုတာ
အတိတ်ကနေ လက်ရှိကမ္ဘာဖြစ် ဖြစ် သွား တာ
“မီး” မရှိတော့တာကလွဲလို့
ငါ
ဟာ
ဒုက္ခမီးအိမ် တစ်လုံးပါ ၊၊ ၊၊

                                                ဇာတိ

Saturday, September 12, 2009

ပုဝါဖြူ

ပတ်ဝန်းကျင် တွင်ရှိသော ပါးစပ်ပေါက် များကသာ ဖုန်မှုန့်များ ထွက်ကျ မညစ်ထင်း စေခဲ့လျှင် ပုဝါဖြူအား ကျွန်တော် နှုတ်ဆက်ခွင့် ရလိုက်မည်ထင်သည်၊၊ အခုတော့ ကျွန်တော် ဆောင်းကို မုန်းလိုက်ရပြီ၊၊ ဘယ်တိတ်ဆိတ်မှုကမှ လှုပ်ရှားမနေဘူး ဟုကျွန်တော် ပြောသည်မှာ အသံတိတ် ရုပ်ရှင်ကား များကို လှောင်ခြင်း မဟုတ်ပါ၊၊ သီချင်းတစ်ပုဒ် က ကျွန်တော့်ရှေ့မှာ လာငိုနေသည်၊၊နှင်းတွေကလည်း တိုးတိုးလေး ပဲ့ကျနေသည်၊၊ နွေရာသီကို ရောက်ဖို့ ကြိုးတွေ ဖြတ်ချပေးရဦးမည်၊၊ ယခု……. ကြိုးတွေပြန်လည် ချည်နှောင်ခွင့်ရရန် နွေရာသီ ကိုစိုက်ပျိုးနေရသည်၊၊ ကျွန်တော်က နှင်းတွေကြားမှာ တိုးညင်းငြိမ်တိတ်စွာ ပဲ့ကျနေသည်၊၊ ရှေ့က သီချင်း တစ်ပုဒ် ကို ကျွန်တော်ငိုပြလိုက်သည်၊၊ ဘယ်လှုပ်ရှားမှုကမှ တိတ်ဆိတ်မနေဘူး ဟု အသံတိတ်ရုပ်ရှင်ကား တစ်ကား က ကျွန်တော့်ကို လှောင်သည်၊၊ ဆောင်းကလည်း ကျွန်တော့်ကို မုန်းသွားပြီ ဖြစ်သည်၊၊ ပါးစပ်ပေါက် များသာ ရှိသော ပတ်ဝန်းကျင် တွင်သာ ဖုန်မှုန့်များ ပေပွပြန့်ရှုပ်မနေခဲ့လျှင် ပုဝါဖြူ က ကျွန်တော့်ကို နှုတ်ဆက် သွားမည် ထင်သည်၊၊

                        ဆောင်းကို သတ်ဖို့ ဥသြတွေ ကျိန်စာရွတ် နေကြပြီ၊၊ ဘယ်ရာသီဥတု မှာများ ပုဝါဖြူ လေး ပွင့်နေပြီလဲ ၊၊လေတိုက်တိုင်း ကြယ်တွေကြွေ နေကြပြီ၊၊ ကျွန်တော်လွမ်း လိုက်တာ ပုဝါဖြူ ရယ်၊၊ နွေတစ်စင်းလုံး မိုးမြစ်ထဲ မှာမြုပ်သွားပြီ၊၊ ဘယ် နက္ခတ်မှာများ ပုဝါဖြူလေး လွင့်နေပြီလဲ ၊၊နှင်းဆီ ပွင့်ချပ်တွေလည်း ငြိမ်းကုန်ကြပြီ၊

ကျွန်တော်လွမ်း လိုက်တာ ပုဝါဖြူ ရယ်၊၊ ကြယ်ပြလမ်း လေးဆီရောက်တော့ ခရေအိုပင်ကြီးက ခရေစက်တွေ ဖွေးဖွေးလှုပ် သွားအောင် ငိုသည်၊၊ဘယ်ရာသီဥတုက အသက်ရှုလမ်းကြောင်းထဲ လာရောက်စူးစိုက်နေမှန်း မသိတော့ ပါ၊၊ ကျွန်တော်လွမ်း လိုက်တာ ပုဝါဖြူ ရယ်၊၊ အိမ်မပြန်ချင်ပါ ၊၊ ခုံတန်းလျားလေးက ကျွန်တော့်ကို ထိန်းပိုက်ထားသည်၊၊ ဆပ်ပြာပူဖောင်းလေး တစ်ပွင့်လို လွင့်နေချင်လိုက်တာ ၊၊ ကျွန်တော့် သန်းခေါင်ယံလေး ကို မိုးလင်းမပစ်ပါနှင့် ၊၊ ကျွန်တော့် အမှောင်လေးကို လင်းထင်း မပစ်ပါနှင့် ၊၊ ကျွန်တော့် ပုဝါဖြူလေးကို…………… …………………………………………………………………………………………………………………………………………၊၊ ကျွန်တော်လွမ်း လိုက်တာ ပုဝါဖြူ ရယ်၊၊

                        အချိန်ဆိုတာက စီးကရက် တစ်လိပ်လို ရှိုက်ဖွာဆုံးလွင့်ဖို့မှ မလွယ်ခဲ့တာ ၊၊ (ရင်တစ်တွင်း လုံး အငွေ့လောင် ခံနိုင်ရမည် ထင်သည်၊၊ ) ၊၊ သောကြာနေ့ ကိုဖွက်ဖို့ စံပယ် ဘယ်နှရုံ ငြိမ်းသတ်ရမည်လဲ ၊၊ တိမ်ဖြူဖြူတွေကိုတောင် မော့ငေးမနေရတာ ကြာပြီ၊၊ စုန်းတစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းအောင် ငိုပစ်ချင်ပါသည်၊၊ အတောင်ပံလေး မလျှော်ဖွတ်ရတာကြာပြီ၊၊ စက္ကန့်တွေလည် သဖြင့် ကမ္ဘာလည်နေပါသည်၊၊  ကျွန်တော် ဘယ်မှ မရောက်ဖြစ်သေးပါ ၊၊ ပါးစပ်ပိတ်ထားရသဖြင့် စကားသံတွေလည်း ဘယ်မှ မရောက်ဖြစ်ပါ၊၊ လူတွေကို မမြင်လိုသေးသဖြင့် ကန့်လန့်ကာ အကျတွေကို ကျောခိုင်းမထားချင်ပါ ၊၊ ဆုတောင်းခွင့်မရလျှင် နေပါစေ ၊၊ မရင့်မှည့်သေးသော အဖြူဆွတ်ဆွတ် ကြယ်ပွင့်လေးများကို အစိမ်းလိုက် ခြွေကျဖို့ မမျှော်လင့်ပါ၊၊ စကားလုံးများ ရှားပါးနေသဖြင့် ကဗျာအကြောင်းမပြောဖြစ်တော့ပါ၊၊ ပြောခွင့်ရမည် ဆိုလျှင်တော့ ကျွန်တော် ပြောမည် ဖြစ်သည်၊၊ ( ကျွန်တော်သိပ်ချစ်တယ်…..ပုဝါဖြူ ) ၊၊ သစ်ပင်တွေက ငှက်တွေကို ငုံပစ်လိုက်ပြီ ၊၊ ညနေလေး အား မိုးမချုပ်ပစ်ပါနှင့် ဦး ၊၊ကြားခွင့် ပေးမည် ဆိုလျှင်တော့ နားစွင့်ထားပါသည်၊၊

                        မမျှော်လင့်ပဲ ပုဝါဖြူကို                                          

                        ကျွန်တော် လွမ်းသည် ၊၊          ၊၊

==-ဇာတိ-==

 

ကျွန်တော်တို့ ကောင်းကင် ၊ အမေ့ကို တိမ်ဖုံးထားခဲ့တယ်

(၁)

အမေ. . . .

ကျွန်တော်တို့ ချစ်တဲ့ အမေ . . . ၊၊

 

(၂)

ကျွန်တော်တို့ ညီအစ်ကို

ဆူးတွေ ထမ်းနေရတယ် အမေ. . . 

ကျွန်တော်တို့ ချောင်ကျနေတဲ့မြို့လေးကို

ရောက်နေကြတယ်. . . ၊၊

မြို့သူမြို့သားတွေကတော့

ချောင်ပိတ်နေတဲ့မြို့လို့ ခေါ်ကြတယ်၊၊

စာစောင်တွေ ၊ ဂျာနယ်တွေ ပေါတယ်

ကျွန်တော်တို့ သူတို့ဘာသာကို

လုံးဝ နားမလည်ဘူး...အမေ

ပုံတွေ လျှောက်ကြည့်ရုံ အပြင်းဖြေနေရတယ်၊၊

သတင်းစာပေါတယ်

ဒါပေမယ့်.. အမေ့သားတွေ ပီပီ

နားမလည်တဲ့ သတင်းစာတွေကို

ခေါင်းငြိတ်ပြီး မဖတ်ကြဘူး ...၊၊

ကျွန်တော်တို့မှာ သတင်းမရှိဘူး

အမေ. . . . 

နေကောင်းလား . . . . အမေ ၊၊

 

(၂)

တိမ်တွေသာ အသိုက်ပြောင်းသွားတယ်

ကျွန်တော်တို့ မြေလေးပေါ်မှာ

မိုးတွေ ရွာနေတုန်း. . . 

ကျွန်တော်တို့တွေ မိုးမိနေတုန်းပဲ....အမေ

အမေ ပြောခဲ့ဘူးတယ်

ကျွန်တော်တို့ ညီအစ်ကိုက

အမေ့ရဲ့ အလင်းတောင်ပံနှစ်ဘက်ပါပဲလို့. . . . 

အခု ကျွန်တော်တို့ မရှိတော့

အမေ ဘယ်မှ မသွားနိုင် ၊ မလာနိုင် ဖြစ်နေရှာရော့မယ်၊၊

ကျွန်တော်တို့လည်း အမေမရှိပဲ

မနေတတ်သေးဘူး၊၊

တစ်နေ့တော့ အမေ ကျွန်တော်တို့ရှေ့ကို

ရောက်လာရမှာပါ ၊၊

ကျွန်တော်တို့ ကြိုးစားနေပါတယ်

အမေ. . . . 

အမေ. . . ကျန်းမာနေပါစေ ၊၊

 

(၄)

ကျွန်တော်တို့ မြို့လေးမှာ

အနီရောင်မြေတွေ ပေါတယ် အမေ. . . ၊၊

ကျွန်တော် မြေနီလမ်းတွေကို မုန်းတတ်တာ

အမေ သိတယ် မဟုတ်လား

အခုတော့ . . . 

ကျွန်တော်မမြင်ချင်တဲ့ အနီတလွှမ်းလွှမ်းမြေကို

မြင် မြင် နေရတယ်၊၊

ကျွန်တော်တို့ရှေ့မှာ အမေ မရှိသေးတော့

မလုံခြုံဘူး အမေ . . ၊၊

ပြီးတော့. . . . 

ကျွန်တော်တို့ အခန်းလေးကိုလည်း

အမှောင်တွေချထားရတယ်...၊၊

ညတွေ ညတွေမှာ

ကျွန်တော်တို့တတွေ လပြည့်စက်ဝန်းအကြောင်း

တပြောပြောနဲ့ ကိုယ့်ကိုကိုယ် တိတ်တိတ်လေး

အမှောင်ချထားပြီး လုံခြုံနေရတယ် ၊၊

ကဗျာတစ်ပုဒ်ထဲကလိုဆို

*ကိုယ့်ကိုကိုယ် အမှောင်ချထားရတာလောက်

ခါးတာ မရှိဘူး* အမေ. . .၊၊

အမေ. . . . 

အမေ့အိမ်လေး....မီးလင်းရဲ့လား အမေ ၊၊

 

(၅)

ကျွန်တော်တို့တွေ ဂစ်တာမတီးတတ်ကြပေမယ့်

သီချင်းတွေတော့ ဆိုတတ်ကြပါတယ်. . .

ကျွန်တော်တို့တွေ သေသည်အထိ ဆိုသွားမှာလည်း

အမေ့အကြောင်းပါတဲ့ သီချင်းတွေပါပဲ ၊၊

အမေ့ကို ကျွန်တော်တို့မြင်ကွင်းမှာ

မမြင်ရတာ ကြာတော့. . . 

ကျွန်တော်တို့ အမေ့ကို လွမ်းတယ် ၊၊

အမေ့ကို ချစ်တဲ့ ပတ်ဝန်းကျင်လူတွေ

အမေ့ကို လာတွေ့ကြရဲ့လား

စောင့်ရှောက်ကြလား အမေ. . . 

ကျွန်တော် အခုရောက်နေတဲ့နိုင်ငံလေးက

ကျွန်တော့်သူငယ်ချင်းတွေအားလုံးကတော့

အမေ့ကို တွေ့ချင်နေကြတယ်၊၊

အမေက နာမည်ကြားရုံနဲ့

လူတွေချစ်တတ်ကြတဲ့ ကျွန်တော်တို့ ချစ်တဲ့အမေ . . . 

အဖေ မရှိကတည်းက ကျွန်တော်တို့အတွက် သက်သက်

ရှင်သန်နေတဲ့ကျေးဇူးတော်ရှင်. . . . 

အမေ. . . 

အထီးကျန်နေလား . . . အမေ ၊၊

 

(၆)

ကျွန်တော်တို့ကို ကံကြမ္မာက 

မျက်နှာမလိုက်ဘူး.....အမေ

ကျွန်တော်တို့ စုထားတဲ့ရွှေတွေကို

အတူတူနေနေရတဲ့ လူတွေက

ခိုးသွားကြတယ်...

စကားပုံထဲက အတိုင်း

*အတိတ်မေ့သလို ၊ ရွှေပျောက်သလို *

 သူတို့ရဲ့ အတိတ်မေ့သလိုလို မျက်နှာတွေကြားမှာ

ကျွန်တော်တို့ ရွှေပျောက်ခဲ့ရတယ် ၊၊

ကျွန်တော်လေ အဲဒီ အတိတ်မေ့သလိုလို မျက်နှာတွေကို

အရမ်းမုန်းမိတယ် ..... အမေ ၊၊

ကျွန်တော်တို့တွေက

အမေ့သားတွေ ပီပီ ၊ အမေ့ရဲ့ ဆိုဆုံးမမှုကြောင့်

ရန်ပွဲတွေကိုလည်း မုန်းခဲ့ပါတယ် အမေ . . ၊၊

ကျွန်တော်တို့တွေ 

နှစ်ဆ အငတ်ခံ ၊ နှစ်ဆ အဆင်းရဲ ခံ

ကြိုးစားကြပါ့မယ်

အမေ . . . 

စောင့်နေပါဦး. . .  အမေ ၊၊

 

(၇)

အမေ့ အရိပ်လေးမရှိတော့. . . 

နေပူတထောင်းထောင်းအောက်မှာ

လမ်းတွေလျှောက်နေရတယ် . . 

သွားချင်တဲ့လမ်းမသွားရ

မသွားချင်တဲ့လမ်းမှာသွားနေရ...

ကျွန်တော်တို့....

ကိုယ့်ခြေထောက်တွေ

ကိုယ်ပြန်မုန်းနေမိတယ်... အမေ

အဖေ ဆောက်ပေးခဲ့ပေမယ့်

အခု... အမေနေခွင့်မရသေးတဲ့

ကျွန်တော်တို့အိမ်လေးကို

လွမ်းတယ်....

ကျွန်တော်တို့နဲ့ အမေ ဝေး......

အမေနဲ့ ကျွန်တော်တို့ ဝေး....

ဘ၀က ကြမ်းနေလိုက်ပုံများ

ကျွန်တော်တို့ကောင်းကင်

အမေ့ကို တိမ်ဖုံးထားခဲ့တယ်။

 

(၈)

အမေ.....

ကျွန်တော်တို့ မြင်ခွင့်ရဖို့

လင်းလက်နေပါဦး.... အမေ...

 

+ဇာတိ+

Thursday, September 10, 2009

မျက်နှာလွှဲလိုက်ရတဲ့ ကမ္ဘာ

အမိန့်နာခံရတဲ့

ဖိနပ်သံတွေရဲ့ အကြား. . .

ယမ်းနံ့တွေပဲ ရှုရှိုက်နေရရင်

မျက်နှာလွှဲထားလိုက်ပါဦး… ကမ္ဘာ ရယ် ၊၊             ၊၊

 

နေရာလွတ်လုနေတဲ့

သူရူးတွေကြောင့်

ငိုသံတွေပဲ လွင့်ပျံ့နေရရင်

မျက်နှာလွှဲထားလိုက်ပါဦး… ကမ္ဘာ ရယ် ၊၊

 

ဘာကို လိုချင်နေကြတာလဲ

ဘယ်လောက် လိုချင်နေကြတာလဲ

မေးခွန်းတွေပဲ မော့မော်မေး နေရရင်

မျက်နှာလွှဲထားလိုက်ပါဦး… ကမ္ဘာ ရယ် ၊၊

 

ဘယ်တော့ စားကြ ရမှာလဲ

ဘယ်လောက်တောင် စားနေ ကြတာလဲ

ဆာလောင်မှု ၊ စားသုံးမှု တွေကို တရားရရင်

မျက်နှာလွှဲထားလိုက်ပါဦး… ကမ္ဘာ ရယ် ၊၊

 

တစ်ချို့ ပါးစပ်ပေါက်တွေက မုန်တိုင်းထန်ဆဲ

တစ်ချို့ မျက်လုံးတွေက ငလျင်လှုပ်ဆဲ

ငြိမ်းချမ်းမှု ဧရိယာပြင်ပမှာ လည်ပတ်နေရရင်

မျက်နှာလွှဲထားလိုက်ပါဦး… ကမ္ဘာ ရယ် ၊၊

 

စိမ်းစွတ်စွင့်စို သော. . .

ဖွေးဖွဖြူဖွင့်သော. . .

ညီညာငြိမ့်ငြိမ်းမှုတွေ ပြန်မရရင်

မျက်နှာလွှဲထားလိုက်ပါဦး… ကမ္ဘာ ရယ် ၊၊

 

ကမ္ဘာကို ထူ နေ တဲ့ လက် တွေ

ကမ္ဘာ ထူ နေ တဲ့ လက် နက် တွေ

သွေးညှီနံ့တွေပေါ် တက်ထိုင်နေရရင်

မျက်နှာလွှဲထားလိုက်ပါဦး… ကမ္ဘာ ရယ် ၊၊

 

ရောဂါတွေသာ အစွန်းခပ်နေကြ…

လမ်းပြခဲ့သူတို့ရဲ့

ငြိမ်းချမ်းခြင်းဓမ္မတွေ နားမစွင့်ရသေးရင်

မျက်နှာလွှဲထားလိုက်ပါဦး… ကမ္ဘာ ရယ် ၊၊

 

မျက်နှာလွှဲထားလိုက်ပါဦး… ကမ္ဘာ ရယ် …..

တစ်မြေတစ်ခြားမှာလည်း

ပေါက်-ကွဲ-စုတ်-ပြဲ ဒဏ်ရာအနာတရနဲ့

အရေခွံတွေပဲ့ကျ နာကျင်နေရရင်

မျက်နှာလွှဲထားပေးပါဦး . . .

ချစ် သော က မ္ဘာ ရယ် …. ၊၊      ၊၊

 

လမင်းကို မြောက်အရပ်သို့ရွှေ့ခြင်း

တစ်နေ့နဲ့ တစ်ခြား
မြို့ကလေးဟာ
ကမ္ဘာက မွေးထုတ်ထားသလို
မဟုတ်တော့ဘူး ..... ၊၊     ၊၊

တစ်ချိန်ကာလလုံး
မြောက်အရပ်ကို ညွှန်ပြနေရသော
သံလိုက်အိမ်မြောင် တို့ရေ....
လွတ်လပ်ပါစေတော့ ၊၊

ကောင်းကင်အလိုကျ
ညိုမြနေတဲ့ မိုးတွေကတော့
ဆိုင်းဘုတ်တွေပေါ်မှာ အခန့်သားရွာသွန်းလို့...
မေမေ့ ကို ခူးပေးမယ့် ပြတိုက်လေးမရှိတော့ဘူး ၊၊

တစ်နေ့တော့....
ကိုယ့်အတွက် ကိုယ်
ခူးနေတဲ့လက်တွေ
အရည်ပျော် ဖျော့ဖျသွားလိမ့်မှာပေါ့ ၊၊

မှန်ကန်တဲ့ ရနံ့တွေလွှင့်ဖို့
ဖူးပွင့်ခဲ့သော ပန်းတို့
အခြွေခံခဲ့....
အကြွေ ခံခဲ့ရပြီ ၊၊   

မေမေရေ....
ပန်းတိုင်လေးကို ခေါ်ပေးပါဦး
လေတိုက်ရာလွင့်တဲ့ ဖိနပ်တွေက
စံပယ်ရုံလေးကို ချနင်းသွားကြတယ် ၊၊

အရိပ်ပြတိုင်းသာ
အကောင်မြင်ရရင်
မျက်ကန်းတွေက
အဲဒီ ဒဿနစာအုပ်တွေကို ဆုတ်ဖြဲပစ်မှာပေါ့ ၊၊

လာကြပါကွယ်...
မယုံကြည်ပဲ ကိုးကွယ်မယ့်အစား
နာမည်မသေသေးတဲ့
ပန်းရနံ့တွေကို မွှေးဝေ လိုက်ကြရအောင် .... ၊၊                ၊၊

Tuesday, September 1, 2009

မှော်မလေး ဖတ်ဖို့ … (၁)

သက်တန့်တွေ မိုးလိုရွာလာတာ
ဖြစ်မှာပါ ….
( ချစ် . . . တယ် )
ဒါ… သတိလက်လွတ် “တ” မိတဲ့
မတော်တဆ ခလုပ်တစ်ချက်ပါ .. ၊၊ ၊၊

ခင်ဗျားလေး ရဲ့ ရှေ့မှောက်မှာဖြစ်ဖြစ်
ခင်ဗျားလေး ရဲ့ နောက်ကွယ်မှာဖြစ်ဖြစ်
တိုးတိုးလေး မှောင် ချင်ပါရဲ့
တိုးတိုးလေး လင်း ချင်ပါရဲ့

ဖြစ်နိုင်မယ်ဆိုရင်တော့
ဖြစ်နိုင်မယ် ဆိုရင် နဲ့ပဲ “စ” ချင်တယ်
မိုးတွေ သက်တန့်လိုရွာလာရင်
ပြောမယ် …
ဒါဟာလည်း
မတော်တဆ “တ” မိတဲ့
အရုပ်ကြိုးပျက် ခလုပ်တစ်ချက်ပဲ ဖြစ်မှာ…
မှော်မလေး ရယ်
ချစ်
တယ် ….. ၊၊ ၊၊