Tuesday, January 26, 2010

လွမ်းဖို့ကောင်းတဲ့ ကဗျာ

လွမ်းဖို့ ကောင်းတဲ့ ကဗျာကို
အခုကျွန်တော်စရေးတယ်
ဘယ်လောက်အထိလွမ်းဖို့ ကောင်းသလဲဆိုရင်
ဒီကဗျာထဲကိုတောင် သူမ မပါလာခဲ့ဘူး။

အဲ့ဒီတော့ သူမကို ကဗျာအစမှာတင်လွမ်းရတယ်
သူမဆိုတာ ကဗျာဆရာရဲ့ ချစ်သူဖြစ်လိမ့် မယ်
ဒီလို တော့ထင်ကြေးမပေးနဲ့ 
ကဗျာဆရာရဲ့ချစ်သူ ဟာ သူမမဟုတ်ဘူး
သူမကို လွမ်းတယ်ဆိုပေမယ့် 
သူမ မည်သူမည်ဝါမသိရ သိခဲ့ရလျှင်

ပိုလွမ်းကောင်းအောင်ရေးနိုင်မည်ထင်ပါရဲ့ … ၊၊

မျိုးကြီးရဲ့  အလွမ်းနဲ့ ရေးတဲ့ သီချင်းကို ကဗျာဆရာက
အလွတ်တီးတတ်ဆိုတတ်သည်။
လွမ်းဖို့ ကောင်းတာက အဲ့ ဒီသီချင်းကလည်း
ကဗျာထဲကို ပါမလာခဲ့ပြန်ဘူး။

အဝေးပြေးကားဂိတ်မှာ မနက်တိုင်းကားအဝင်ကို စောင့်နေတဲ့  ကာကီရောင်လောင်းကုတ်နဲ့ လူငယ်
ရင်းနှီးမှုတစ်လျှောက်လုံးမှာ အမှတ်တရအဖြစ် တစ်ကြိမ်သာရဖူးတဲ့ ဒိုင်ယာရီစာအုပ်
သူမမွေးနေ့ တနင်္ဂနွေတိုင်းတွင် အေးစေတီတွင်ကပ်လှုသော နှင်းဆီနီနှစ်ဆယ့်သုံးပွင့်
စာမေးပွဲဖြေရင်းမှင်ကုန်ပြီးလွှင့်ပြစ်ခဲ့သော သူမ၏ ရီနိုး ဘောပင်အနက်
သူမထံမှ ခွင့်ပြုချက်မရဘဲလဲလှယ်ခဲ့သော သူမ၏ ဂျပန်ဆူပါကပ်မှ လက်ကိုင်စွပ်အပြာရောင်
အားလုံးလွမ်းစရာကောင်းသော်လည်း
ကဗျာထဲသို့ ပါမလာခဲ့  အတိတ်တွင်ကျန်ခဲ့ သည်။

ဒီဇင်ဘာလ အဆောင်ရှေ့ မှ မီးပုံပွဲ
သူမအရိုးနွှင်ကျွေးခဲ့ သော ဆလားဗီးယားငါးတစ်ကောင်
ဖောလိုမီအပြာရောင်ရှန်ပူရနံ့ 
ဆယ်စွယ်ရောင်လက်သည်းဆိုးဆေး
မျက်တောင်ကော့ကော့လေးများ
သွားတက်ကလေးများ
ကဗျာထဲသို့ ရောက်အောင်သယ်ဆောင်လာခဲ့သော်လည်း
မကြာမီကာလကပင် ထွက်ပြေးသွားကြပြီ...။

လွမ်းစရာကဗျာတစ်ပုဒ်သည် အဆုံးသတ်တော့မည်။
ကဗျာထဲတွင် ကဗျာဆရာတစ်ဦးထဲသာ ကျန်ခဲ့ သည်။
အရာ အားလုံးအနားမှာမရှိတော့
နောက်ခံတီးလုံးမရှိ
သစ်ရွက်ကြွေတဲ့လမ်းမရှိ
ဖယောင်းတိုင်တွေ အများကြီးမထွန်းထား
ဂစ်တာတစ်လုံးလည်းရှိမနေ
ကဗျာဆရာတစ်ဦးတည်းနှင့်ပင်လွမ်းစရာတွေပြည့်နေသည်။
ဇာတ်သိမ်းပိုင်းတွင် ကဗျာဆရာမရှိတော့
လွမ်းနာကျပြီး သေဆုံးသွားပြီဖြစ်သည်။
မည်သူမှန်းမသိသော လူငါးဦးက ကဗျာဆရာ၏ အလောင်းကို သယ်ဆောင်သွားကြသည်။

သူမလည်းမရှိတော့

ကဗျာဆရာလည်းမရှိတော့

ကဗျာတဲတွင် သင်တစ်ယောက်ထဲသာကျန်တော့သည်။

. . . .
. . . .

သင်လွမ်းလို့ အရှိန်ရနေဆဲတွင်
သင်နှင့်အတူ ကဗျာသည် ပျောက်ဆုံးသွားသည်။
ဝေဖန်ရေးသမားများက ကဗျာမဟုတ်ဟုဆိုကာ
ကဗျာ၏ သက်တမ်းကို အဆုံသတ်ပေးလိုက်သည်။
ကဗျာဖြစ်လေမလားဟု ဖတ်လာကြသူတို့ သည်လည်း
ကဗျာမဟုတ်မှန်းသိသောအခါ ပြန်လည်ထွက်ခွာသွားကြသည်။


နောင် အနှစ်ဆယ်သန်းကြာသောအခါ
လူတို့ ကဗျာကိုလွမ်းကြလေသည်။...။





( ဖိုးခွား )

Wednesday, January 13, 2010

နံပါတ် ၁၃ မှာ ‘လေ..လွင့်..လူ..’ သီချင်း ရှိတယ်

နံပါတ် ၁၃ မှာ ‘လေ..လွင့်..လူ..’ သီချင်း ရှိတယ်


အဆိပ်ဖြစ်စေလိုသော ရည်ရွယ်ချက်

မရှိပါ ၊၊

သူ့လမ်းနှင့် သူသာ

အဝေးဆုံးသို့ ရောက်သွားပါစေတော့ …

အဆိပ်ဖြစ်စေလိုသော ရည်ရွယ်ချက်

လုံး ဝ ၊ မ ရှိ ပါ ၊

ငါ နှင့် ငါ့ ဝိဥာဉ်

အလိုလိုအက်ကွဲနေခြင်းမှ ကင်းပါစေ ၊၊ ၊၊


‘တယ်လီဖုန်း’


သူမ က

ကျွန်တော့်စကားသံကြားရရင်

မီးလောင်တတ်ပြီး . . . .

ကျွန်တော်က

သူမ စကားသံတွေ မကြားရရင်

ပြာ ကျ နေ တတ် တယ် ၊၊ ၊၊


( မျှော်လင့်ခြင်းနဲ့ ဖမ်းဆုတ်ထားတဲ့

လက်တွေ

အားမဲ့သွားပြီကွယ် ၊၊ ၊၊ )


‘ တယ်လီဖုန်း ပြောခန်းတွင် ကြားရမည့် ဒိုင်ယာလော့ခ် အချို့’


ဟယ်လို!

ဘယ်ကငါလဲ

အေးပြော

ထားလိုက်ပါတော့ဟာ

ငါလိမ်ခဲ့တာလို့ တွေးလိုက်

နင် နေတတ်ပါတယ်

ငါ့ခေါင်းထဲ ဘယ်အရာမှ အဝင်မခံတော့ဘူး ၊ အချိန်က ကုစားပေးလိမ့်မယ်

အခြားအရာတွေ အစားထိုးဝင်ရောက်လာလိမ့်မယ်

နင် အနာမကျက်သေးဘူးလား

နင် သွေးမတိတ်သေးဘူးလား ၊၊ ၊၊


( ဘယ်လို ဖြေ ရ မလဲ

ပေါ့ ပါး ခြင်း မဲ့ ဘ ဝ

ဘယ်ကို သွားမလဲ မသိတဲ့ ခရီးသည်တစ်ဦးရဲ့ညနေများ )


‘ဘုရားပေးတဲ့ ခေတ်’


ဘုရားက (အဲ့ဒီ ခေတ်ကို)

ကျွန်တော် ဆိုးသွမ်းမိုက်မဲတုန်းက ပေးပြီး

ကျွန်တော် လိမ်မာတော့ မပေးတော့ဘူး ၊၊ ၊၊

(( အကောင်းမြင်ချက် ၊၊ ၊၊ ဘုရားက

ကျွန်တော့်ကို

ပူ လောင် စေ ချင် ပုံ မရဘူး ၊၊ ၊၊ ))


( ည တိုင်း အိပ်မက်ထဲမှာ

တစ်စုံတစ်ယောက် ငါ့ကို ရပ်စောင့်နေတယ် )


‘အိပ်မက်’


သူမ က ယခုအခါတွင်

ကျွန်တော့်အတွက်တော့ မီးခြစ်တစ်လုံးပဲ ဖြစ်တော့သည် ၊၊

ဘာမှ မကြိုးစားသောအခါ

ဒီအတိုင်း အသုံးမဝင်ဖြစ်နေပြီး

ကြိုးစားယူသောအခါ

ကျွန်တော့်ကို ‘မီး’ ပဲ ပေးတော့သည် ၊၊

ထို အိပ်မက်သည် ပျော်စရာကောင်းသည် ၊၊

(( ကျွန်တော် လေယာဉ်ပျံတွေတွေ့တိုင်း

မျက်ရည်မကျတော့ ဟူ၍လဲ .. ပါ သည် ၊၊ ))


( လေ နှင် ရာ လွင့်ခဲ့

တိမ်တိုက်တစ်ခုပါပဲ ၊၊ ၊၊ )


‘လေတွေ အသက်ရှုမဝ ဖြစ်တော့ မုန်တိုင်းဘက်ကိုကူး ….’


ငါ့ မှာ ငါ့ မျှော်လင့်ချက်(အနှုတ်အောက်)လေးတွေနဲ့ ငါ

တ လွင် လွင် ဖြစ်နေရင်

ခေါင်းလောင်းအိုကြီးတွေက ငါ့ကိုရယ်ပြီ

(လေ တိုက် တိုင်း )

ငါ့ မှာ ငါ့ နား တွေ ကို

သေ တော့ မ တတ် ပိတ်နေရတယ် ၊၊ ၊၊


(ဘယ် သူ ကြေ ကွဲ မ လဲ

ဘယ် သူ ငို ကြွေး မ လဲ

ချစ်သူလေးရယ် … မင်းအတွက်ပဲ )


‘တယ်လီဖုန်း နံပါတ်လေးပေါ် ယင်ကောင်တွေ လာလာနား’


(သွေးထွက်) လွန်သွားပြီ

စကားအခွန်းတွေကြောင့်

အသက်ရှုကျပ်ရတာ

သေလိုက်လို့တောင် ရတယ် ၊၊

နင် ဖုန်း ပြန်ကိုင်ပေးတယ်ဆိုတဲ့ အသိနဲ့တင်

ကျေနပ်နေနိုင်လို့ …

နင့်ဖုန်းနံပါတ်လေးနဲ့ ငါ့ကို

(ဘယ်သူမှ) သွေးမခွဲနိုင်တာ ၊၊ ၊၊

(( အကြွင်း ၊၊ ၊၊ ယင်ကောင်တွေတီးတဲ့

လက်ခုပ်သံဟာ

သိပ်ရွံဖို့ကောင်းတယ် ၊၊ ၊၊ ))


(တစ်ညလုံး ငါ့ရဲ့ အနား

သက်ပြင်းများ ကြွေကျ … ၊၊ )


‘စိတ်ကူး’


သစ်ပင်တွေသာ စကားပြောတတ်ရင်

ငါ အရမ်းကို အားနာရလိမ့်မယ် …

ငါ့မှာ မျှော်လင့်ချက်တွေ တစ်လှေကြီးနဲ့

သမုဒ္ဒရာ ဟာ ၊ မြစ် ဟာ ၊ ပင်လယ် ဟာ ၊ စမ်းချောင်းလေး ဟာ

ငါ့ ကို စောင့် ကြို နေ…. ၊၊ ၊၊ ( ဏေသစ် )


(စိတ်ကူးနဲ့ အိပ်မက်ရယ်

တစ်ကယ်တမ်းဖြစ်မလာခဲ့ …

နေရစ်ခဲ့ပါ ကလေး ရယ်

ငါ အဝေးဆုံးကို ပြေးသွား ……… ၊၊ ၊၊ )


‘၁၃ (ရက်၊လ၊နှစ်)’


၁၃ရက်နေ့ ၊ ၁၃ ရက်ည ၊ (လက်ပတ်နာရီထဲက ရာဟုနေ့) ၊ သရဲသကြားလုံး ၊ နတ်သမီးပုံပြင် ၊ ရင်ထဲလာလာခြောက်နေတဲ့ သက်တန့်တစ္ဆေမ ၊ လေယာဉ်ပျံဟာ ပဒိုင်းသီး နဲ့ ဆောက်ထားတာ ၊ စကားပြော ကောင်းတဲ့ ဗလာစာရွက်တွေ ၊ ပတ်သတ်မှုက လေထဲမှာပဲ ကျိုးပဲ့ကျပျောက် သွား ၊ အချစ်က မျက်မမြင်ပဲ မြင်ချင်တာတွေကို ပြန်မြင်ပြီး မမြင်ချင်တာတွေကို မမြင်တဲ့ … ၊ မျက်မမြင်တစ်ယောက် ရဲ့ မျက်ရည်တွေအတွက် မျက်မြင်သက်သေ က ဘယ်မှာလဲ ၊ ငါက ငါ့ကိုယ်ငါတောင် ပြန်ရှမှာ ကြောက်တဲ့ ဓားပါးပါးလေးတစ်လက် ၊ ငါက ကိုယ့်အာနိသင်နဲ့ ကိုယ်သေသွားတဲ့ အဆိပ်တစ်ခွက် ၊ မရည်ရွယ်ပေမယ့် ဦးတည်နေတာလား ၊ ငါသေမလားလို့ လာလာသတ်နေတဲ့ မေးခွန်းတွေ ၊၊ ၊၊ ငါ့မှာသာ မဖုံးနိုင်မဖိနိုင် လွမ်းနေရတယ် ၊၊ ၊၊


( ယုံကြည်ကိုးစားထားတဲ့ မင်းမျက်လုံးတွေ

မှတ်ပစ်လိုက်ပါကွယ်…

စိတ်ကူးနဲ့ အိပ်မက်ရယ် တစ်ကယ်တမ်း ဖြစ်မလာခဲ့ .. )


ဘာကိုမှ မရည်ရွယ်ဖို့သာ ရည်ရွယ်တော့ပါတယ်

သူ့လမ်းနှင့် သူသာ

အဝေးဆုံးသို့ ရောက်သွားပါစေတော့ … ၊၊

ငါ နှင့် ငါ့ဝိဥာဉ်

အလိုလို အက်ကွဲနေခြင်းမှ ကင်း၍

သူမ ( လွင်… ဆိုသော )

အေးချမ်းပါစေ ၊၊ ၊၊ ၊၊


‘ဇန်နဝါရီ ၁၃’ - - - - (နေ့သစ်)

ကျွန်တော့်လက်ထဲမှာ
အပြုံးယဲ့ယဲ့ ဗလာစာအုပ်လေးဟာ
ဒုတိယမြောက်မြားစွာကို
ထမ်းထားရရှာတယ်။

ဒီစာအုပ်ထဲမှာ
တရုတ်သီချင်း အေးအေးလေးနဲ့ 
သူ့ ရဲ့  ရယ်သံတွေ
အိပ်နေတယ်။

ဒီစာအုပ်ထဲမှာ
သီချင်းတစ်ပုဒ်ကို
အကြောင်းပြချက်မဲ့စွာ ညည်းတတ်တဲ့
ခဲတံချိုချိုလေး ညပ်နေတယ်။

ဒီစာအုပ်ထဲမှာ
အရာရာဟာ သူ့ အတိုင်းသူ ရှိနေပါစေ ဆိုတဲ့
တစ်ယောက်တည်း ရန်ဖြစ်တတ်သူ
နောင်ကြီးတစ်ဦးရဲ့ 
မျက်မှန်ကိုင်းလေးလည်း သေနေတယ်။

မိန်းကလေးရေ ...
အလိုလို လုပ်ယူထားတဲ့
မိုးအတုတွေလည်း
ငြိမ်းပြီ၊
အက္ခရာစဉ်အတိုင်း
တူရာတူရာ တွဲထားတဲ့
မပီမသ နေ့ လည်စာတစ်နပ်လည်း
ပီပီသသ အသိမ်းခံရပြီးပြီ၊
ပြီးခဲ့တာတွေ မပြီးသေးတဲ့ဟောဒီကောင်ကတော့
အစိမ်းရောင် အင်္ကျီထဲမှာ
ချောက်ကမ်းပါးရောင် နက်မှောင်နေတယ်။

ဒီဗလာစာအုပ်လေးပဲ
ခဏခဏ ဖွင့်ဖတ်မိတယ်။
ဆန်းဆန်းပြားပြားတွေမပါဘဲ
ရိုးရိုးလေး နေချင်ရုံ၊လေချင်ရုံပါ
မိန်းကလေးရေ ...
ကျွန်တော်က အပျင်းကြီးတော့
ကျောရိုးတစ်လျှောက် ကို
နေ့ စဉ် ခုတ်ထွင်ရှင်းလင်းရတာပေါ့။

တစ်စုံတစ်ယောက်ရဲ့  ပယောဂမပါဘဲ
သူမကို တိုင်တည်ပြီး
တစ်စုံတစ်ရာကို ၀န်ခံကြည့်မယ်၊
`သတိရတယ် .............´
က၀ိတွေ ပန်းကို ပျိုးသလို၊
ဥယျာဉ်မှူးတွေ လင်္ကာစပ်သလို၊
နှင်းခေတ်က ကျောက်နံရံပန်းချီတွေ မီးလောင်သလို၊
သူမကို ကျွန်တော် သိပ်သတိရတယ်။

အမှန်ပါ ..မိန်းကလေး
အမှန်ပါ၊
ဗလာစာအုပ်လေး
မျက်စိကွယ်ခဲ့တာ လည်းအမှန်ပါ၊
ဇန်န၀ါရီ ၁၃ ဆိုတဲ့ရက်စွဲ တစ်ခု
အခိုးခံလိုက်ရတာလည်း အမှန်ပါ၊
ကျွန်တော်တို့ 
တစ်ယောက်နဲ့ တစ်ယောက်
နေရာအနှံ့  ဝေးခဲ့ကြတာလည်း အမှန်ပါ။

ကျွန်တော့် မျက်လုံးများပိုင်ရှင်မလေးရေ ...
အမှန်တရားထဲမှာ နေထိုင်ပါ၊
မြေကြီးကို သစ္စာရှိပါ၊
ကောင်းကင်လို ရိုးသားပါ၊
ပြဌာန်းဖတ်စာအုပ်တွေ ကို
ရိုသေစွာ ကိုင်တွယ်ပါ။


Friday, January 1, 2010

သူမ စုတ်ဖြဲသွားတဲ့ တနင်္ဂနွေတစ်ခြမ်း

သူမ စုတ်ဖြဲသွားတဲ့ တနင်္ဂနွေတစ်ခြမ်း


ရူးရူးမိုက်မိုက်ပါပဲ…
တနင်္ဂနွေတွေဆီကို ပြေးလာလိုက်ရတာ
တစ်နေ့က သောကြာနေ့လေးအထိ
ငါ ပြုံးနေတတ်ခဲ့တယ် ၊၊ ၊၊

ပြန်မလာနိုင်တော့ဘူးတဲ့…
အခုတော့ ပင်လယ်မဖြစ်လိုက်ရတဲ့ လှိုင်းလေးကို
ပွေ့ပိုက်သိမ်းဆည်းခဲ့ရ…
သင်းကွဲတယ်ဆိုတာ..
ပလက်ဖောင်းလေး နံဘေးက
ခြောက်ကပ်စွာတိုးတိတ်သွားတဲ့ သီချင်း
တယောသံလေးလည်း ငိုနေခဲ့ပြီ ၊၊

သင်္ကေတလေး ကွဲရှသွားတဲ့ညနေမှာပေါ့
ဘာမှ မရလိုက်ပေမယ့်
ငါ အားလုံးကို ထားခဲ့လိုက်ရတယ် ၊၊

ငါ မငိုခဲ့ပါဘူး . . .
စိုမှာစိုးလို့ တိတ်ပစ်လိုက်ရတဲ့ မိုးတွေလို
ငါ မငိုခဲ့ပါဘူး ကွယ်

ဒီ အငေးလေးတွေ တဖြည်းဖြည်းဝေးတော့မယ် ၊၊

ဘယ်လိုမှ ဖြေလို့မရခဲ့ဘူး .. ၊၊
နောင်လာမယ့် တနင်္ဂနွေတွေဆို
သူမကို ပြန်မရတော့ဘူး
ဘယ်လိုမှ ဖြေလို့မရခဲ့ဘူး ...၊၊
မနက်ဖြန်တွေကို စိုက်ပျိုးပေးနိုင်မလား တဲ့ ...
........................................
ဘယ်လိုမှ ဖြေလို့ မရခဲ့ပါဘူး ...
မေးခွန်းတိုးတိုးလေးတွေရယ် ၊၊

သူမ မျက်နှာအလွှဲမှာ

တနင်္ဂနွေလေး ပြတ်ရှသွား……

ကြယ်တွေကိုယ်စား ကြွေသွားခဲ့ရတယ်

နောင်လာမယ့် တနင်္ဂနွေတွေဆို

သူမ ပြန်မလာတော့ဘူး ၊၊ ၊၊

ငါတို့ အပေါ် တွဲကျ လာတဲ့ ပွဲတော်

ငါတို့ အပေါ် တွဲကျ လာတဲ့ ပွဲတော်

ဘယ်လိုလုပ်လိုက်ရမှာလဲ...
ပြက္ခဒိန် ထဲ လက်နှိုက်ရှာလို့မရတော့ဘူး
ရာဇဝင်ထဲ ပြန်ဝင်သွားတဲ့ ငါ့လက်တွေ .. ၊၊
ကံဆိုးမိုးမှောင် နှစ်လား
ကံဆိုးမီးလောင်ခဲ့တဲ့နှစ်လား ၊၊
ငါ့ကိုယ်ငါ ဘယ်လိုလုပ်လိုက်ရမှာလဲ ... ၊၊ ၊၊
ပိုက်ဆံအိတ်လေးထဲ ကျပျောက်သွားတဲ့နင့်အနာဂတ်တွေ .. .. .... ၊၊
ရှေးက မုန်တိုင်းတွေမှာ ...
ပြီးတော့ ..
ရှေ့က မုန်တိုင်းတွေဟာ .. ငါ့နာမည်ခေါ်ပြီး တိုက်ခတ်လာကြပြီ ၊၊
နှစ်သစ်မှာ စိတ်အသစ်ဖြစ်ပါစေ ဆိုတဲ့ စကားအဟောင်းတွေနဲ့
ငါ့ကိုယ်ငါ ၁၂ နာရီ ထိုးရဦးမယ် ၊၊ ၊၊
ပြီးဆုံးသွားတဲ့ အခါ ပြန်စဖို့
ငါ့ ခြေရာ ငါ အသည်းအသံလိုက်ရှာရတယ်
မီး ဦးထုပ်လေးဆောင်းလို့
နှင်းတွေကြားကထွက်တယ်
ဘယ်မှာမှန်းမသိ ငါ့ ခြေရာတွေ
ဒီမှာ ပြန်စလာမယ့် နောက် အရိုးစု တခုက
ငါ့ကို အိပ်ခိုင်းနေပြီ ။
ငါ့ ခြေရာတွေ မခြောက်သေးဘူး
ပြန်ကောက်ကြည့်ပြီး
လိုက်ခဲ့
အရှေ့က နန်းတော်ကြီးဆီမှာ
ကြယ်တွေ ပွင့်တော့မယ် ၊၊ ၊၊

(ဇာတိ ၊ ရုပ်သေး)

၃၁.၁၂.၂ဝဝ၉