Thursday, October 29, 2009

ဂန္ထဝင် မမ (အောင်ချိမ့်)

မမရေ …
မမရေ …
မမရေ
ကျွန်တော့်ကို တံခါးဖွင့်ပေးပါ

သွေးရူးသွေးတမ်း
ကိန်းဂဏန်းတွေ ကိုင်မြောက်ပြ
အကြိမ်တစ်ရာ ရှိပါပြီ။
မဟာစကြာဝဠာတစ်ခုလုံး
နပိုလီယံကလွဲပြီး
လူသားအားလုံး
စစ်ကိုမုန်းသလို
သဘောတူကြတယ်
ဟုတ်တယ်
ဒါ ဖျားနေသူရဲ့အသံပါပဲ
အိုး
ငါဖျားနေတာ
နွေသုံးခု၊ မိုးသုံးခု
ဆောင်းသုံးခု
ဒုမဲ့ဒြပ်မဲ့ လက်ပတ်နာရီ
လူနာကုတင်ပေါ် အိပ်ရာပြင်
ပညာရှိများကို ကန့်ကွက်ရဲ့
အသက်ရှင်ခြင်းဆိုတာရင်ခုန်တာပဲ
ဘယ်သူ ငြင်းမလဲဟေ့
ဘယ်သူငြင်းမလဲ။

ဆရာဝန် ညွှန်ကြားချက်မှာ
လဖက်ရည်တစ်ခွက်ပေးပါ။
ဒူးယားတစ်လိပ် ပေးပါ။
မမ ကျွန်တော့်ကို ချစ်ပါ။
ဒီကောင် လက်နက်ချရမယ်တဲ့။

၂။
သမ၀ါယမ ဆန်စားသူများ စကားဝိုင်း
လှိုင်းလုံးများ ပြင်းထန်လာ
ကက။ ခခ။ ဂဂ။ ဃဃ။ ငင
xxxxxxxxxxxxxxxxxx
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ဝ
လဖက်ရည်ဆိုင်မှာ ဆိုကြဆဲကြ
မနက် ၉ နာရီထိုးပါပြီ။

ဝဋ်ဒုက္ခကြီးမားစွာ
သူမလာပါပြီ
ဝဋ်ဒုက္ခကြီးမားစွာ
ကျွန်တော် စောင့်နေပါသည်။

လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်ရှိတယ်။
မကြည့်ပါလေနဲ့။

မျက်လွှာချထားပါ
ရှေ့နှစ်လံသာ ကြည့်လျှောက်ပါ
ကျွန်တော်ရှိတာကိုတော့ သိမှာပေါ့။

ဟိတ်
ပိုက်ဆံထောင်ပစ်နေတဲ့ ချာတိတ်တို့
တဆိတ် တောင်းပန်ပါတယ်
လမ်းဖယ်ပေးလိုက်ကြပါကွာ။

ကင်းတဲက သူငယ်ချင်းတို့ရေ
ငြိမ်ငြိမ်လေး နေကြပါကွ
မမခြေလှမ်းပျက်မှာ စိုးမိတယ်။

သှူဣနြေ္ဒကို ငါ ဂုဏ်ယူတယ်
သူ့သိက္ခာကို ငါဂုဏ်ပြုတယ်
ငါကတော့ မင်းတို့သိတဲ့အတိုင်းပါပဲ
ခပ်ပျက်ပျက် ခပ်ရမ်းရမ်းကောင်းပါပဲ

အားနာစရာတောင်
ကောင်းနေပါပြီနော်

၃။
ဆူးခင်းလမ်းပထမပိုဒ်
ကြားလိုက်မိပါစ
“……….
………..
ငွေဂုဏ်ဆိုတာ ဘယ်မှ မရှိနိုင်ပေ
ဘယ်သူမှ မနှစ်မြို့ကြချေ”
ညအခါ လမ်းလျှောက်ရင်း
ကျွန်တော်ညည်းမိတဲ့ သီချင်းလေ။

လူငယ်ဘဝ
အပျော်ညများ
“ပြန်လည်တမ်းတခြင်းသည် ဒုက္ခ”
ဒသနဆရာတွေးခေါ်ဘူးတယ်။

လူငယ်ဘ၀ အပျော်ညများမှ
တစ်ည နှစ်ည ညများ
ရင်မှ ထန်ပြင်းစွာ ဆိုတဲ့သီချင်း
ဝရံတာမှ သူမ ငြင်းဆန်ဟန်ပြခဲ့ရာ
ကိုစောငြိမ်းရဲ့ သစ္စာသာ
ကျွန်တော်ဆိုခဲ့ပါတယ်။

၎။
“ဂန္ထ၀င်မမ” လေ
ရှေးက ကုသိုလ်ကြောင့် ထင်ရဲ့
ကျွန်တော့်ရင်တွေ ခုန်တယ်။

ခိုပြာရောင် မျက်နှာမှာ
သိပ္ပံအလှကုန် ဘာမှမရှိ
သံခင်းတမန်ခင်း အပြုံးမရှိ
သူကျတော့ ကြည့်လို့ကောင်းတယ်။

မြင်ရတိုင်းပါပဲ
ပါတိတ်၊ အချိတ်၊ ဇင်းမယ်ထဘီနဲ့
အင်္ကျီဖြူ လက်စကချည်းပဲ ၀တ်တယ်
သူကျတော့ ကြည့်လို့ကောင်းတယ်။

အုန်းဆီနဲ့ စိုနေတဲ့ဆံပင်
တင်းပိအောင် ဖြီးသင်ထားတယ်
သူ့ကျတော့ ကြည့်လို့ကောင်းတယ်။

စစ်ကြိုခေတ် တစ်ခေတ်လုံး
မမကိုဖုံးနေတယ်
သူ့ကျတော့ ကြည့်လို့ကောင်းတယု။

ကျွန်တော်ဟာ ဆံပင်ရှည်တယ်
ကော်လံရှည်တယ်
အရစ်ရှည်တယ်၊ ကျွန်တော်
အကြာကြီးစဉ်းစားမိတယ်။

နေ့စဉ် ၂၄ နာရီရဲ့
တစ်မိနစ်များ အလုပ်
ဝတ်တာစားတာ နေတာ ထိုင်တာအစ
ဂန္ထ၀င်မှုမလို
ငါ အဲသလို ဆိုခဲ့ဖူးဆိုကိုး။

၅။
သူမရဲ့ ကမ္ဘာလေးဟာ
အေးချမ်းမှု ငြိမ်သက်ရှည်လျား
သီးခြားဆန်ဆန်နေရာ
စာအုပ်၊ ခေတ်ဟောင်းသီချင်း
ရွှေဘိုသနပ်ခါး
အပြစ်မဲ့ အကျိုးမဲ့ အချငးအရာ
လရိပ်အောက် ၀ရံတာ
တစ်ခါတစ်လေ ရုပ်ရှင်
ဘုရားစင်၊ ပြည်သူ့မုန့်တိုက်ကိတ်
လမ်းထိပ်က ဘတ်စ်မှတ်တိုင်
ကြိုးချည်ထားတဲ့ ဖိုင်တွဲ
အလုပ်စားပွဲ
ခေတ်တို့လဲ သူ့ဘာသူ ဖြတ်သန်းသွား၏။

တံခါးတစ်ချပ်ဟာ
ဖျတ်ကနဲ ပွင့်လာလိုက်
ဖျတ်ခနဲ ပြန်ပိတ်သွားလိုက်နဲ့
(တိုက်ဆိုင်မှု ဖြစ်ချင်လဲဖြစ်မှာပါ)
ဒါနဲ့ ကျွန်တော် လာရောက်ခဲ့တယ်
ရင်းနှီးတဲ့ ဧည့်သည်တစ်ယောက်ပေါ့
မတ်စောက်တဲ့ လှေကားရင်း
နုပျိုခြင်းမီးအိမ် ကိုင်ဆောင်ထားပါတယ်။

ခွင့်လွှတ်ပါ
ဒါမှမဟုတ် ခွင့်ပြုပါ
နေမှာ လမှာ၊ နေ့မှာ ညမှာ
ပန်းပွင့်မှာ၊ ပြက္ခဒိန်မှာ
ဘာသာစကား အသစ်တစ်ခုနဲ့
တံခါးကို ထုနေရဲ့
လူမှုရေးကိစ္စတွေ
စဉ်းစားမနေပါနဲ့
စဉ်းစားမနေပါနဲ့။

၆။
တချို့လူတွေ ထင်မြင်သလို
မထင်မြင်မယူဆဖို့တော့
ကျွန်တော် ဆွေးနွေးမှဖြစ်မယ်။

ကောင်းကင်ကြီးတစ်ခုအောက်မှာ
ဘာမှ အဆင်မပြေသူတစ်ယောက်ကိုမှ
ကြောက်စရာကောင်းတယ်ဆိုတာ
တရားမဲ့လွန်းပါတယ်။

ဒီကကောင်က
လောကကို မုန်းတီး

လူကြီးမင်းများခင်ဗျား
ထမင်းစားတိုင်း လူမဖြစ်နိုင်ပါ
သာမန်ယေဘုယျလူများ
အရိုးဖြူနေပါပြီ
ကမ္ဘာကြီး ခြောက်သွေ့နေပါပြီ
ယုံကြည်သလိုတော့ ပြောဖူးတယ်။
ဒါပေမယ့် ငါ့ရင်ထဲမှာ
နိဗ္ဗာန်ဘုံထက် ပြည့်စုံတဲ့ ကမ္ဘာရှိတယ်။

သင်တို့ မစဉ်းစားဘူးတဲ့
ငါ့ စဉ်းစားမှုတွေရှိတယ်။

ရိုမီယိုနဲ့ ဂျူးလီးယက်
အက်စသာနဲ့ပေါ့လ်တို့အတွက်
စွဲချက်တင်ဖို့ ကိစ္စရှိတယ်။

တစ်ခါက မီးရထားနဲ့
ခရီးသွားစဉ်က
နာကျင်ခဲ့ရတဲ့
ပုဆိုးဂွင်းသိုင်းနဲ့ ကောင်လေးအတွက်
ဆောင်ရွက်ပေးရမှာ ရှိတယ်။

လူမှန်းသိတတ်ကတည်းက
ဖြတ်သန်းခဲ့ရတဲ့ ပြသနာတချို့ပေါ့
ပြောလို့မဖြစ်နိုင်သေးတာတွေလဲ
ရှိပါသေးရဲ့။

ဒီလိုကြားက
မမကို ကျွန်တော်ချစ်ခဲ့မိတယ်။

သြော် ပုဂ္ဂလိက ရင်ခုန်သံ
ဝေဖန်သံကို ရင်ဆိုင်ရင်းနဲ့
အချစ်ကို ဖွဲ့နွဲ့ရအုံးမယ်။

၇။
နေရောင်အားကောင်းစွာ ကျန်ရှိသေးဆဲ
မိုးဖွဲဖွဲလေးနဲ့
ရုံးဆင်းချိန်လေး လှနေတယ်။

ဟိုမှာ
အလို

ဒါ မမ
မမ
ကုဋေတစ်သန်းတန် ခြေအကြွနဲ့
ဒါ မမပဲ
အို ငါ့ကို မြင်တော့မယ်
အို မြင်သွားချေပြီ
ခြေလှမ်းတစ်ချက် တန့်သွားပေမယ့်
ဟန်မပျက်ခင် ဆက်လျှောက်လာရဲ့။

ကျွန်တော် မိုးခိုနေတာပါ
ကျွန်တော် ဘတ်စ်ကားစောင့်နေတာပါ။

ဘတ်စ်ကားမှတ်တိုင်နား တံစက်မြိတ်အောက်မှာ
ကျွန်တော်မိုးခိုနေတာပါ
မမကို နှောက်ယှက်ဖို့ လာစောင့်တာ မဟုတ်ပါဘူး
ဘု့ရားစူး၊ ကျမ်းစူး ကျိန်တွယ်ပြောဝံ့ပါတယ်
ကျွန်တော် ဘတ်စ်ကား စောင့်နေတာပါ။

သူ့ကိုယ်သင်းနံ့ကလေး
နီးနီးကပ်ကပ် မွှေးထံနေပေါ့။

သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်
သူ့ဆံခွေစ လှုပ်သွားမယ်။

တံစက်မြိတ်တစ်ခုအောက်မှာ
ဒီလိုနှစ်ယောက်ဆုံဖို့
ဘယ်မျှော်လင့်လို့ရမလဲ
ကိုယ့်ကိုယ်ကို ရဲစိတ်တင်းတယ်။

ပြောမယ် ပြောမယ်
ငါ့ သူ့ကို စကားပြောမယ်
ခင်သန်းနု စေ့စပ်ကြောင်း သတင်းနဲ့စ
ပြောရရင်ကောင်းမယ်ထင်တယ်။

တွေ့လား ဗိုလ်ချုပ်ဈေး နာရီမိနစ်ကွက်
အားတက်ပြီး ထခုန်တယ်။

ပြောမယ် ပြောမယ်
ငါ သူ့ကို စကားပြောမယ်
မိုရှိဒါယန် အတ္ထုပ္ပတိနဲ့ စတင်
ပြောရရင် ကောင်းမယ်ထင်တယ်။

ဟာ လမ်းဖြတ်ကူးတဲ့ ကောင်မလေး
ခနချင်း သွေးသားဆုတ်
ဘယ်လို ရုပ်ကြီး ပြောင်းသွားတာလဲ။

ပြောမယ် ပြောမယ်
ငါ သူ့ကို စကားပြောမယ်
ဟိုးမားရဲ့ အက်ပစ်ကဗျာကို ရွတ်ပြ
ပြောရရင် ကောင်းမယ်ထင်တယ်။

အား၊ ရေခဲရေ ၁၀ ပြားသံ
ကံကောင်းပါစေလို့
မေတ္တာပို့နေပေါ့။

ဟုတ်ပြီ
ဆူးအက်တူးမြောင်းကိစ္စ
ဝါးတားဂိတ်၊ ဆိုက်ပရပ်

ခင်ဗျားဘယ်လို ထင်မှတ်ပါသလဲ
ခပ်တည်တည် မေးခွန်းထုတ်
နှုတ်ဆက်ပြီး စကားစမယ်
ဟုတ်တယ်၊ ဒါကောင်းတယ်။

ဒါနဲ့ပဲ မိနစ် နှစ်ဆယ်လောက်
လွန်မြောက်သွားပါပြီ။
ဘာမှ မပြောဖြစ်သေး
ကိုယ်သင်းနံ့လေးတော့ မွှေးနေသေးတယ်။

ကျွန်တော့ရှေ့မှာ ကျောက်ရုပ်လူ
သူ ရပ်နေဆဲ။

ရင်မခုန်
မတုန်လှုပ်တတ်
သူရပ်နေဆဲ။

သြ မမ
ယောက်ျားမာနကို
တုပပြနေတာကိုး။

ကျွန်တော်ကလဲ ညံ့တယ်
မိနစ်နှစ်ဆယ်၊ နာရီဝက်
စကားမထွက်ခဲ့
လက်ဖျားခြေဖျားအေးလာတယ်။

အိမ်ပြန်အရောက်မှာ
ဖျားတာပါပဲ
ညတစ်ညလုံး စာထိုင်ရေးတယ်။

၈။
တကယ့်ခြင်္သေ့
လာပြီဟေ့

တစ်နေ့ အောင်ပွဲကို သိရှိ
သူရဲကောင်းတို့၏ စိတ်ဓါတ်ဖြေ့
လာပြီဟေ့
အာဇာနည်တို့ထုံး နှလုံးမွေ့

လာပြီဟေ့
လာပြီဟေ့။

ယခင်၊ မိမိ၏
ရဲဘိအစဉ်အလာများနဲ့
လာပြီဟေ့။

လက်ထဲမှာ စာ
နှုတ်ဖျားမှာ စကား
ရင်ထဲမှာ တရား
ငါ အေးအေးဆေးဆေး ပြောကြားမယ်။

ဟောဒီ သြဂတ်စ်ရဲ့
တစ်မနက်မှာ
ငါ သူနဲ့ ရင်ဆိုင်လိုက်တယ်။

ကျွန်တော် ထပ်ရှုံးပေါ့
စကားတစ်လုံးက ချေမှုန်းတယ်
ငါဟာ မင်းအမေလောက် ရှိပါတယ်တဲ့။

ဘာအဓိပ္ပာယ်ရှိသလဲ
ဘာအဓိပ္ပာယ်ရှိသလဲ။

ဘာအဓိပ္ပာယ်ရှိသလဲ။

ဟောဒီမှာ ကျွန်တော့စာ
ဖတ်ကြည့်ပါတော့ဗျာ
နောင် ပြသနာ အရှုပ်အရှင်းလဲ
ခင်ဗျားပဲ အဓိကပါဗျာ
ဒါပဲ ကျွန်တော် ပြောခဲ့ပါတယ်။

၉။
ခင်ဗျား တံခါးထပ်ပိတ်တာပါ
ကျွန်တော် နားလည်ပါတယ်။

နှလုံးသားဆိုတာ
အမေမွေးတုန်းက ပါလာလို့သာ
ခင်ဗျားတို့ ကိုယ်ခန္ဓာမှာ ရှိနေတာပါ
ဘာမှ အသုံးမ၀င်တော့ဘူး။

သိက္ခာ
မာန
မိတ္တဗလဋီကာ
ဒေကားနက်ဂျီ
ပီမိုးနင်း
မျဉ်းဖြေင့်ပေါ်ကလူ
ကွန်ပျူတာလို အသုံးပြုနိုင်တယ်။

ကျွန်တော်ဟာ အရူးအမူးသမား
ခံစားမှုပဲ ယုံတယ်။
ခင်ဗျား ဘယ်လို ခံစားရသလဲ
ဘုရားပဲသိမယ်။

ကျွန်တော်မှ မဟုတ်ပါဘူး
ဘယ်သူ့ကိုမဆို
အချစ်မှ မဟုတ်ပါဘူး
ဘယ်အလုပ်မဆို
မမရေ၊ ရင်ခုန်သံကို ခံစားကြည့်ပါ
ဒုက္ခအရသာ ချိုမြတယ်
ဘ၀ကို ချစ်တတ်လာပါလိမ့်မယ်။

အလုပ်မဲ့
ဂုဏ်မဲ့
ရင်းစားမဲ့
အခွင့်ထူးမဲ့
အမဲ့အားလုံးရဲ့ အရှိ
မွန်မြတ်ဘိ နိုင်ငံတော် ရသ
ကောင်းကင်ဘုံမှ၊ အိပ်မက်မှ
ဤမြေပေါ်သို့ ကျဆင်း
အသင်းထုံဆုံး ရနံ့သစ်
အပျိုဖြစ်လာသော ပန်းပွင့်များ
ပွဲတော်များ
ခံစားတပ်မက်စေ့ချင်ပါတယ်။

သေခြင်းကို
အခန်းကျဉ်း ထောင့်တစ်ထောင့်မှ
ငြိမ်ငြိမ်လေး စောင့်စားကြ
မိခင်ဝမ်းက ကျွတ်တာကြာပြီမို့လား။

၁၀။
ဟိုကောင်
ဝင်လာလိမ့်မယ်
ပုဏ္ဏားကွယ်မှ

ကတ္တရာလမ်းက ထင်ရဲ့
သီချင်းသံနဲ့လေ
စာလုံးတွေထဲ လျှောက်လာတယ်။

ဘတ်သီးတံခါးပိတ်
ပြတင်းပေါက် တံခါးပိတ်
လ တံခါးပိတ်၊ နေ တံခါးပိတ်
အိပ်မပျော်သေး
ရင်ခုန် နွေးရင်
ဆေးပြားပုလင်းလေးတွေ ရှိတယ်။

မင်းကို ရင်မခုန်ဘူး
မင်းကို မတုန်လှုပ်ဘူး
စူးစူးဝါးဝါး တံခါးပိတ်

အို ငါ့အရိပ်တွေ
အစိပ်စိပ် အမွှာမွှာ
ဒဏ်ရာနဲ့ သွေးစိမ်းရှင်ရှင်
လူမြင်တိုင်း တိုင်တည်နေပေါ့။

ရုံးစာရေး စာချီ
ကမ်းနား အလုပ်သမား
သံလမ်း အလုပ်သမား
သင်္ဘောသား
ကျောင်းသား၊ စစ်သား
နေ့စား ဆေးလိပ်သမ
ဟင်းရွက်ရောင်းတဲ့ ကောင်မလေး
ပခုံးထမ်း ဈေးသည်
အို လယ်လုပ်သူ အပေါင်းတို့
အကြောင်းဆုံလို့ ပြောကြားပါတယ်
ကျွန်တော့်ကို တံခါးအားလုံး ပိတ်ထားတယ်။

တစ်ဦးကိုတစ်ဦး မချစ်ရင်
ရာဇ၀တ်မှု မမည်ဘူးလားဟင်။

ကိုယ့်ကိုယ်ကို လိမ်ညာရင်
ပုဒ်မ ၄၂၀ ရှိတယ်
မငြိစွန်းဘူးလားဟင်။
ကမ္ဘာ့ထိပ်ကိုတက်
အဲဒီ အချက်အလက်တွေ
ငါတင်ပြချင်တယ်။

၁၁။
သင်ကတစ်ခါ ပြုံးပြ၍
ဘာမှ မပြောဘဲ နေသောအခါ
ကျွန်ုပ်မှာ တစ်သက်တာလုံး
စောင့်စားနေရပါတော့သည်။
တဂိုး

အသက်တွေလဲ
ဒီလိုပဲဖြင့်
ကြီးရင့်ဖြူဖပ် သွားလိမ့်မပေါ့။
အင်အားသန်ခိုက်
ပုံအောလိုက်ကြ။
တစ်ရံတစ်ခါက
မမတိုက်မိတဲ့ ခလုတ်ကလေး
အခုဆွေးနေပေါ့။

မြစ်တစ်မြစ်မှာ
နှစ်ခါ ရေမချိုးနိုင်ဘူးဆို ထင်ပ
ခေါမ အဘိဓမ္မာကို သတိရတယ်။

ကမ္ဘာဟောင်း
နေရာဟောင်း
နေထိုင်မှု အဟောင်းဟာ
ထုံးစံ ကျောင်းတွေလိုပဲ
ရေနစ်သူကို ကျောက်ခဲနဲ့ ပူးချည်တယ်။

ဒီလိုအချိန်မှာ ဟန်မဆောင်ကြရင်ဖြင့်
လောကကြီး စိမ်းလန်းလာနိုင်တယ်။

သွေးသားသန်မာမယ်
ဖျတ်လတ် လှုပ်ရှားမှုရှိမယ်
ရယ်တတ် ပြုံးတတ်အုံးမယ်ဆိုရင်
နောင်တနဲ့ ငိုယ်ုမှု ကင်းပြတ်
အနာဂတ် ဘုရားပွင့်ပါတော့မည်။

ပန်းချီပြခန်း
ပန်းခြံကလေးများ
ယဉ်ကျေးမှုနန်းတော်
သင်တို့အတွက် ခေါ်သံ
ကျွန်တော် စောင့်စားနေပါသည်။

နိုင်ငံရေး
အချစ်၊ ဘဝ
သူမနဲ့ ရောထွေးယှက်
နံနက် ခေါင်းလောင်းသံ ကြားရ
အိပ်ရာမှ ထပါတော့။

မွေးရာပါအဖျား
ကုစားမယ့် သမားခြေသံ
ကံကြမ္မာ မဆုံစည်းခိုက်
အ၀ိဇ္ဇာ မှောင်မိုက်ဆဲ
အတိုက်စားခံ ဖြတ်သန်း
စကားသံကအစ ကြမ်းတမ်းနေမယ်
ခွင့်လွှတ်ပါလော့ ချစ်တဲ့သူရယ်။

၁၂။
ဟက်ဟက်ပက်ပက်
အသံထွက်အောင်ကို
ရယ်မောမိတယ်။

အဇ္ဈတ္တကို
ဓါတ်မှန်ရိုက်လို့မှ မရတာ
စိတ်ချမ်းသာမယ် ထင်ရင်
လုပ်ချင်တာ လုပ်ကြပေါ့။

မနက် ၉ နာရီ
မနက် ၉ နာရီ

ဤကမ္ဘာမြေလောက
ရုံးတက်ကြ ရုံးဆင်းကြ
အဲသလို လှည့်လည်တယ်။

ဂန္ထ၀င်မမ
သူမလာပါပြီ။

စာတိုက်ပုံးထဲ
စာတစ်စောင် ထည့်လိုက်တယ်။

သူမဘေးမှာ
အဖော် ၁ ယောက်
၂ ယောက်၊ ၃ ယောက်
၎ ယောက်၊ ၅ ယောက်၊ ၆ ယောက်
ခေါပဏီ တပ်ရင်တစ်ရင်းစာ
မဟုတ်ပါ၊ တစ်ယောက်ထဲပါ။

တိုက်ပုံတွေ ဘာတွေဝတ်လို့
ပေါင်ဒါတွေ ဘာတွေလိမ်းလို့
သေသေ၀ပ်ဝပ် ကောင်လေးတစ်ယောက်နဲ့
အချို့ဖွဲ့လို့။

ကုလားရုပ်ရှင်ထဲက
စုံတွဲရှုခင်းကလေးနှယ်
ကြည့်ရကောင်းလှပါပေတယ်။

ဤကမ္ဘာမြေ လောက
ငြိမ်းချမ်းကြပါစေ။

လူသားအားလုံး
အရှုံးဒုက္ခ ၊ ကင်းပကြပါစေ။

ဟက်ဟက်ပက်ပက်
အသံထွက်အောင်ကို
ရယ်မောမိတယ်။

နောင်အနှစ်တစ်ရာ၊ နှစ်တစ်ထောင်
ဒီကောင်ရဲ့ အချစ်
ပျိုမြစ်နေမှာပဲ
မုချယုံတယ်။

အလုံခြုံဆုံး တံခါးတစ်ချပ်
ဘယ်နှစ်ရာသီ ဖြတ်သန်းနိုင်သလဲ
ကမ္ဘာထဲ တုန်ခါနေတော့တယ်။

အောင်ချိမ့်

(ကဗျာဆရာ မြတ်ဝေ ( https://sites.google.com/site/poetmyatwai/ ) ထံမှ ကူးယူဖော်ပြပါသည် ၊၊)

 

Monday, October 26, 2009

ကဗျာပေါင်းများစွာ ကြာသော်

----ကဗျာပေါင်းများစွာ ကြာသော်----

 

သမုဒ္ဒရာ ကို အနုပညာဆိုလား

အနုပညာကို သမုဒ္ဒရာ ဆိုလား

တစ်ယောက်ယောက်က ပြောတာလား

တစ်ယောက်ယောက် ပြောတာကို တစ်ယောက်ယောက်က

ထပ်ဆင့်ပြောတာလား တစ်ဆင့်စကားလား ၊ တစ်ဆင့်နားလား

တစ်ဆင့်ပြီး တစ်ဆင့် ၊ တစ်စင်ပြီးတစ်စင်

ထို့နောက် .. တစ်စင်းပြီးတစ်စင်း

က

ပြောခဲ့တယ်ဆိုလား

ကဗျာဆိုတာလဲ အနုပညာပါပဲဆိုလား

ကဗျာဆိုတာလဲ သမုဒ္ဒရာပါပဲ ဆိုလား

တစ်ယောက်ယောက်ကို မသိရင်

ကဗျာမရေးနဲ့ ဆိုလား

တစ်ယောက်ယောက်အကြောင်းမှ မပါရင်

ကဗျာအတုဆိုလား

ကဗျာစနစ် မသိတော့

ကျုပ် လဲ စ နစ် တော့ တာ ပဲ

ကဗျာဆိုတာ သမုဒ္ဒရာ ဆိုလား

တစ်ယောက်ယောက်

က

ပြောတာလား ၊၊

 

ကဗျာတွင်း ၊ ကဗျာပြင်

ကဗျာတွင်းထဲမှာ ဘာတွေရှိလဲ ငုံ့ကြည့်ဘူးတယ်

ငုံ့မကြည့်ဖူးပဲ

တွင်းဆိုတော့ကာ …

တစ်ခုခု မြုပ်ချင်လို့ တူးတာလား

တစ်ခုခု ထွက်အောင် တူးတာလား

တစ်ခုခု ဖွက်ထားများရှိသလား

တစ်ခုခု က အိပ်မက်ပေးခဲ့လို့လား

တွင်းဆိုတာဘာလဲ မြင်ချင်ရုံသက်သက်တူးတာလား

ကဗျာတွင်း ၊ ကဗျာပြင်

ကဗျာပြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပေါ်လာသလား

ကဗျာတွေပျက်အောင် ဖျက်တဲ့သူ ဖျက်နေသလား

ကဗျာကို ဘယ်လိုပြင်လဲ

ကဗျာကို ဘယ်လိုများသုံးကြသလဲ

ကဗျာကို ဘယ်လောက်များ အသုံးချသလဲ

ကဗျာတွင်း

မိုးတိမ်များရာ မိုးရွာကြခြင်း

စစ်အတုများဖြစ်ခြင်း ၊ စစ်အစစ်များဖြစ်ခြင်း

ရေကြီးခြင်း ၊ မီးလောင်ခြင်း ၊ မုန်တိုင်းနဲ့တည့်တည့်သို့ နဂါးခေါင်းလှည့်နေခြင်း

လူမှုရေးချင်း တိုက်မိခြင်း ၊

ရပိုင်ခွင့် အလွဲသုံးစားလုပ်ခြင်း ၊ ပေးပိုင်ခွင့် အလွဲသုံးစားလုပ်ခြင်း

ဘဝခေါင်ခြင်း ၊ ဘဝနာခြင်း ၊ ဘဝသာခြင်း ၊

ငါတကောကောခြင်း ၊ ရန်လိုခြင်း ၊ ရန်မလိုခြင်း

မိမိကိုယ်ကို သတ်သေခြင်း ၊ သူတစ်ပါးအားအသက်သေစေလိုခြင်း ၊

မြင့်ရာမှ ကြည့်၍ သေးမွှားနေခြင်း ၊ နိမ့်ရာမှ ကြည့်၍ မမြင်ရခြင်း

နေရာအထားအသို နှင့် အနေအထား ကွာဟခြင်း ၊ ကွဲပြားခြားနားခြင်း

ခွဲခြားခွဲချခြင်း ၊ မြစ်တစ်မြစ် နှင့် အမြစ်တစ်မြစ် ကိစ္စ စကားနိုင်လုခြင်း ၊ သီအိုရီအနိုင်လုခြင်း ၊

တစ်ခုခုအား လုခြင်း ၊ တစ်နေရာရာအား လုခြင်း ၊ လုချင်၍ လုခြင်း ၊

အတွေးအခေါ်မပြေလည်၍ လုခြင်း ၊ ဝါသနာ ကြောင့် လုခြင်း ၊

ရန်သူမျိုး ငါးပါး ၊ ခြောက်ပါး ၊ ခုနှစ်ပါး ၊ လုံးပါးပါးခြင်း ၊ ပြားရုံသက်သက်ပါးခြင်း

ချော်ချွတ်ခြင်း ၊ ချော်၍ ချွတ်မိခြင်း ၊ ချော်၍ကျွတ်ခြင်း ၊ ချွတ်ချင်၍ ချော်ခြင်း ၊

ရေကြည်ရာ မြက်နုရှာ ရာမှ ရေကြည်ရာ ငါးဖမ်းခြင်း

များစွာ ၊ များစွာ ၊ များစွာ

မြောက်များစွာ

မျောက်များစွာ နှင့် တကွ

မြှောက်စားလိုစွာ နှင့်တကွ

မြောက်ကြွမြောက်ကြွ ဖြင့် တောင်ကဲ့သို့ ကြွတက်နေခြင်း

များစွာ ၊ များစွာ မှ ကဗျာတွင်းများစွာ

တိုင်

အောင် ၊၊

 

ကဗျာပြင်

မိုးတိမ်များရာ မိုးကွက်ရွာလျက်ရှိ

(ကွက်လပ် … ကွက်လပ်)

မြေကွက်လပ်

လေကွက်လပ်

ဓာတ်ကြီးလေးပါး ကွက်လပ် မှ

များစွာ များစွာ များစွာ

ကဗျာပြင်များစွာ

နှင့် တကွ

ကဗျာပေါင်းများစွာ

တိုင်

အောင် ၊၊

 

သမုဒ္ဒရာဆိုတာ သမုဒ္ဒရာ ပဲဆိုလား

သမုဒ္ဒရာဆိုတာ သမုဒ္ဒရာ မဟုတ်ဖူးဆိုလား

ဟုတ်တယ်ဆိုလား

ဟုတ်လိုက် မဟုတ်လိုက် တည်မြဲနေသည်ဆိုလား

တစ်ယောက်ယောက်

က

တစ်ယောက်ယောက်ကို

ဆို

လား

ကဗျာ

များစွာ

တိုင်အောင်၊၊           ၊၊

 

 

 

(အကြောင်းကြောင်းကြောင့် ကဗျာလောကမှ ခေတ္တအနားယူပါသည်)

 

Friday, October 23, 2009

လမ်းခုလတ်

လမ်းခုလတ်

 

ဟိုဘက်တစ်ခြမ်းက

တစ်ဦးတစ်ယောက်က

မကြာမကြာဆိုတဲ့သီချင်းက

အသေလိုပဲက

 



ဒီဘက်တစ်ခြမ်းမှာ
နှုတ်ခမ်းမှာ
စကားတွေထဲမှာ
တစ်ဦးတစ်ယောက် ဆီမှာ

 

 

တစ်ဦးတစ်ယောက်က

တစ်ဦးတစ်ယောက်မှာ

 

 


ဟိုဘက်အခြမ်းက
ဒီဘက် အခြမ်းမှာ

 



ဒီဘက် အခြမ်းက
ဟိုဘက်အခြမ်းမှာ……….. ၊၊ ၊၊

 

Wednesday, October 21, 2009

နှင်းနဲ့ ဘာသာပြန်ထားတဲ့ နှင်းဓားတစ်လက် .. သို့

အောက်တိုဘာ

(တစ်ရက်ရက်)က

မိတ်ဆက်ပေးခဲ့တဲ့

သူမ မျက်နှာ ၊၊         ၊၊

 

ကံကောင်းထောက်မ ခဲ့ရင်

ဘဝ ကို

နှင်းတွေနဲ့ ပြန်စချင်တယ် ၊၊

 

ဓားအလက်ပေါင်းများစွာ

နှင်းခဲတစ်ခဲဖြစ်သွား …

နှင်းအစက်ပေါင်းများစွာ

ဓားတစ်လက်ဖြစ်သွား …

ကျွန်တော်လည်း

ဆောင်းဖိနပ်လေး တစ်ရံနဲ့

နှင်းတွေကို 

             မျှော် တော့ မယ် ၊၊

 

အောက်တိုဘာ

(တစ်ရက်ရက်) က

မိတ်ဆက်ပေးခဲ့တဲ့

သူ မ မျက် နှာ လေး

- နှင်း တွေ နဲ့ ဝေ - ၊၊            ၊၊

 

Saturday, October 17, 2009

“ ကျွန်တော် မသိပဲ မိုးတွေရွာသွားတယ် ... မကြည်ဖြူ ”

“ ကျွန်တော် မသိပဲ မိုးတွေရွာသွားတယ် ... မကြည်ဖြူ ”

 

အသံနဲ့လဲ ရောက်ရပါစေ ....

အလင်းနဲ့လဲ ရောက်ရပါစေ ....

                 မကြည်ဖြူ .... ၊၊           ၊၊

 

အဖြူရောင်နဲ့ သီးတဲ့ စတော်ဘယ်ရီသီးလေးထဲမှာ

မကြည်ဖြူကို ကျွန်တော်တွေ့တယ် ၊

အဖြူရောင်နဲ့ တီးတဲ့ စန္ဒရားခလုတ်တွေထဲမှာ

မကြည်ဖြူ အသံကို ကျွန်တော်ကြားတယ် ၊

ပြီးတော့ ....

ကမ္ဘာပေါ်မှာ တခြားကမ္ဘာတစ်ခုကို

ကျွန်တော် ရှာဖွေတွေ့ရှိတယ် ၊၊

 

ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ပဲ

ရူးသွားမိတယ် ထင်တယ်

မကြည်ဖြူ ကို မွေးတဲ့နေ့လေးဟာ

ကမ္ဘာကြီး စတင်ဖြစ်ပေါ်ရာနေ့လို့

စာအုပ်တွေထဲမှာ

အကျယ်ကြီး ချရေးဖြစ်ခဲ့တယ် ၊၊          

 

အရောင်တွေကို

အသံနဲ့ကြားရပြီး ၊ အသံတွေကို

အရောင်နဲ့ မြင်ခဲ့ရ ...

မကြည်ဖြူ သည်

ကျွန်တော် စိတ်ဖြင့် စိုက်သော သစ်ပင်အဖြူလေးဖြစ် ....

မကြည်ဖြူ သည်

ကျွန်တော် စိတ်ဖြင့်ကူးသော ဝတ်မှုန်နှင့်လှိုင်း ဖွေးဖွေးလေးဖြစ် ....

မကြည်ဖြူ သည်

အဖြူသက်သက်သာရှိသော ကမ္ဘာငယ်လေးဖြစ် ....

မကြည်ဖြူ သည်

ကျွန်တော် ညွှန်ပြလိုသော အဖြူရောင် အရပ်မျက်နှာလေး ...

ဖြစ်သည် ၊၊

 

“ မကြည်ဖြူ ကို သိပ်ချစ်တာပဲ ” လို့

ကိုယ့်ကိုကိုယ် ရေရွတ်မိသောနေ့က

ကိုယ့်ကိုကိုယ်

                  စိတ်ဆိုးမိခဲ့သည် ၊

ဘာ သား နဲ့ လုပ် ထား တဲ့

လူ ကောင် လေး မို့ လို့ လဲ

အ ချစ် ရေ . . . . .

မ နာ လို ပါ ဘူး ကွယ် ၊၊  

 

မကြည်ဖြူ က

ကျွန်တော့် နာမည်လေး သိသွားတဲ့နေ့မှာ

“ အလင်း နဲ့ အမှောင်ဟာလည်း

ချစ်သူတွေ ဖြစ်သွားနိုင်တဲ့အကြောင်း ”

ကျွန်တော် နဲ့ အရာအားလုံး နဲ့ ငြင်းတယ် ၊၊

 

ကျွန်တော်ဟာ

မကြည်ဖြူ သိအောင် စိတ်ထင်သာပြရဲသော

မကြည်ဖြူ သိအောင် ကိုယ်ထင်မပြရဲသော

ကဗျာစောင့်နတ်သား ပါ

                             မကြည်ဖြူ ရယ် ၊၊

 

မကြည်ဖြူ ကို

နိုဝင်ဘာ နဲ့ တိမ်ဖြူဖြူတွေပေါင်းပြီး

စိတ်နဲ့တောင် ဝေးတဲ့နေရာကို

ခေါ်သွားကြတော့မယ် .. တဲ့

ကျွန်တော် နဲ့ အရာအားလုံးပေါင်းပြီး

ဆွံ့ - အ - ကြောင် - ကန်း

ကျွန်တော်တို့

တစ်နေရာတည်းမှာ အကျယ်ကြီး ဝေးတယ်

မ ကြည် ဖြူ ၊       ၊၊

 

မကြည်ဖြူ ရှိနေတော့မယ့်

ကမ္ဘာ ဟိုဘက်အခြမ်းလေးဟာ

ပို လှ သွား တော့ မယ် ထင် တယ် ....

. . . . . . . . . . . . . . . . . . . . . .

““ လေယာဉ်ပျံကြီးနဲ့မှ

မဟုတ်ပါဘူး ....

ပျံလွှားငှက်ကလေးနဲ့လည်း

လိုက် ခဲ့ မယ် .. ၊၊       ၊၊ ”” 

......................................

ခုတော့ ...

လက်ထဲက စက္ကူလေယာဉ်ပျံလေး

လွှတ်လိုက်ရတာတောင်

နာ နာ ကျင် ကျင် နဲ့

ကျွန် တော် ....

နိုဝင်ဘာလ နဲ့ လေယာဉ်ကွင်းဆီကို

မ သွား ရဲ ဘူး .. ၊၊         ၊၊

 

ဘာ ပဲ ဖြစ် ဖြစ်

မကြည်ဖြူ ရယ် ...

မကြည်ဖြူ ဟာ

ကျွန်တော် နဲ့ တစ်ထပ်တည်း ကျမယ့်နေ့

ကျွန်တော်က မကြည်ဖြူကို

နံရိုးတစ်ချောင်းပေးပြီး

မကြည်ဖြူ က ကျွန်တော့်ကို

နှင်းဆီဖြူဖြူလေး ပြန်ပေးမယ့်တစ်နေ့ ...

....... အဲ့ဒီ နှင်းဆီဖြူဖြူလေးအား

ကျွန်တော် ၏ ရင်ဘတ်တွင် စိုက်ပျိုးပြီး

မ ကြည် ဖြူ အား ဖြူမွှေးစေချင်ပါသည် .......

ပြီး ...

မကြည်ဖြူ ၏

လက်ဖဝါးတွင် ကဗျာတစ်ပုဒ်ရေးပေးချင်သည်

“ စာသံပေသံတော့ မပါဘူးကွယ်

ငါ့ ရဲ့ စ က္ကူ ဖြူ ဖြူ လေး ရေ

မြတ် နိုး ခြင်း အ ထပ် ထပ် နဲ့

ထာ ဝ ရ အ ဆက် ဆက် ချစ် တယ် ”

 

ဤ မှန်သော

သစ္စာ ကဗျာ ကြောင့်

ချစ် ရ ပါ သော မကြည်ဖြူ ရေ ....

 

အသံနဲ့လဲ ကြားပါစေ

အလင်းနဲ့လဲ မြင်ပါစေ

                            မကြည်ဖြူ ရယ် ..၊၊          ၊၊

 

 

 

““မောင်သိန်းဇော် - ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့ … မှ”” 

 

Friday, October 16, 2009

စကားရထား

အမဲလိုက် အက နှင့် ခွေးပြေးဝက်ပြေး အက မှာ
အတူတူပင်ဖြစ်သည်ကို
အဖြူ ဖက်လိုက်သောသူများက လက်ခံသော်လည်း
အမဲ ဖက် လိုက်သောသူများက ငြင်းကြသည်ဖြစ်၍
မဲမဲမြင်ရာ ပစ်သူများ ၊ ဖြူဖြူ မြင်ရာခူးသူများ
ဝါဝါမြင်တိုင်း ရွှေထင်သူများသည်
အမိုက်အမဲလေးများကို ခွင့်လွှတ်ပါဟု
တောင်ပိုင် ၊ မြောက်ပိုင်များကို
ဖွတ်မထွက်သောတောင်ပို့များအား အသားငါးများဆည်းကပ်ပြီး
ပူဇော်ပသနေလေသည်

နေညိုချိန်လည်းမဟုတ်ပါဘူး
ညီအစ်ကိုဖြစ်မှန်းတော့ သေသေချာချာသိလိမ့်မည်ထင်ပါသည်
မည်းမည်းမြင်ရာပစ်ရအောင်လည်း မည်းတာတွေချည်းပဲမဟုတ်ပါဘူး
ဖြူဖြူ မြင်ရာခူးချင်ရင်တော့ စံပယ်ပင်တွေစိုက်ပါလား
ဝါဝါမြင်တိုင်းရွှေထင်သူများအား ရွှေမဖြစ်ခဲ့ရသော
ရွှေဝါရောင်သမိုင်းအား ပြောပြချင်သည်
သားစိမ်း ငါးစိမ်းစားသောတောင်ပိုင် မြောက်ပိုင်များအား
ဖွတ်ပင်မထွက်သော တောင်ပို့အားအပိုင်စားပေးထားလိုက်ကြ
ပြီးရင် … သင်းတို့အား အမိုက်အမဲ (အမိုက်အမည်း)များက ပူဇော်ပသလေ …

မှောင်မှောင်မည်းမည်း အမဲလိုက်ကြသည်
မုဆိုးလည်းမသိ သားကောင်လည်းမသိ
အလင်းကိုဖြူသည်ဟုထင်ကြသူများ
ထင်ရှားမှုရှိမလာသည်ကို
သွားရင်းလာရင်းကသိလိုက်ရသည်
ရွှေသည်ဝါကြောင်းကို ကြောင်ကလေးရွှေဝါမသိပါ
တောင်ပိုင်းတွင် တောင်ပိုင်ကြီးပသပွဲကျင်းပသည်
မြောက်ဘက်တောကရလာသောမျောက်တစ်ကောင်လည်းပါသည်
ဖွတ်မထွက်သော်လည်း တောင်ပို့သည်တောင်ပို့ပင်ဖြစ်ပါသည်

 

အမဲလိုက်ပဲကက ခွေးပြေးဝက်ပြေးစတန့်ပဲထွင်ထွင်
မတူတာကိုတူအောင် ဖန်တီးချင်လို့ ဟောကြားမိပါတယ်
တစ်ဝက်လက်ခံ တစ်ဝက်လက်မခံ
အများပြည်သူနှင့်သက်ဆိုင်တာဟုတ်မဟုတ်
မဲချင်မဲ ဖြူချင်ဖြူပစေ ဝါချင်ဝါ မဝါချင်နေပါစေ

ရွှေဖြစ်ဖြစ် မဖြစ်ဖြစ်
ခွင့်လွှတ်ခြင်းအကြောင်းတရား ထပ်မဟောတော့ဘူး
ခွင့်လွှတ်တော်မူပါဟု ထိုထိုအမိုက်မဲ အမှိုက်မဲဟုလည်းဆိုနိုင်သူများကို
တောင်ပိုင်းမြောက်ပိုင်းခွဲခြားမနေတော့ပဲ တောင်ပို့မရှိသောဖွတ်များအား
အိမ်ယာစီမံကိန်ပေး၍ ရိက္ခာတစ်ချို့ (အသား၊ငါး) ဝေမျှပူဇော်ပသစေလတ္တံ

 

မှန်ပါသည်...။
အဖြူများ....
အမဲများ....
ဝိဝါဒ ဘယ်လိုကွဲကွဲ...
ပစ်ချင်သူနဲ့ ခူးချင်သူမှာ
အတ္တအတူတူပဲဖြစ်သည်....။
အမြင်ကြည်လင်သူမှာ..
အဇ္ဈတ္တ အဖြူမို့
အ၀ါရောင်ရွှေထုပ်ကြီးအား.....
တောင်ပိုင်၊ မြောက်ပိုင်များသို့
ဖွတ်ရရှိရန် သား/ငါးများစားသုံးပြီး
ပူဇော်ပသသူများအား ပေးသနားလိုက်သည်....။

 

တလံတလျားတော့ အသံကြားရုံနဲ့သိသည်

မြင်ခြင်း၏ နောက်ကွယ်တွင်

ကွယ်နောက်နေသောအသိတရားများ

အဘယ်သို့သော ထင်လင်းမှုသည်

ငါတို့အားလမ်းပြခဲ့ပါလည်း တောင်၏တောစပ်သို့မဖြတ်မှီ

စကားထာရွက်သောတောင်းအား စွန့်ပစ်ခဲ့ပါ... သင်၏လင်းပွင့်မှု မနက်ဖြန်တွင်

နေညိုရွက်ပျိုကဗျာတစ်ပိုဒ် စည်းဝါးလိုက်နေလိမ့်အံ့

 

ဘယ်ဖက်မှာနေမလဲ
အဖြူတခြမ်း အမည်းတခြမ်း
အဲဒီစက်ဝိုင်းထဲမှာ သင့်ကိုယ်ရည်သွေးအကအား
သင့်ကိုယ်ပိုင်တီးလုံးဖြင့်ကပြလေ

လက်ခုပ်သံကင်းမဲ့ဇုန်အတွင်း ချောင်းဟန့်သံကြားရပါက စိတ်မရှိပါရန်
လူကြီးမင်းများအား
ကလေးမင်းမှ ချိုမိုင်မိုင်အကဖြင့် ကပြတင်ဆက်အပြီး
လူကြီးလူကောင်းများအား လူကောင်းသူကောင်းအိမ်ပြန်ချိန်တွင်ပြန်ခိုင်းလိုက်သည်

ကျွန်တော်တို့ကတော့

                           ဆက်သွယ်မှု ဧရိယာ ပြင် ပ . . .

                                                                   အမဲလိုက်အက နှင့်

                                                                                                ဘီလူးဆိုင်းသံများ …. ၊၊    ၊၊                       

 

 

 

မိုးလှိုင်ည ၊ ကြက်သွန် ၊ အမည်မဲ့ ၊ ဇာတိ ၊ ရိုးရာ ၊ သရဲစိမ်း       

 

(၁၃) အောက်တိုဘာ (၁၃)

(၁၃) အောက်တိုဘာ (၁၃)

 

ငါ . . .

(၁၃) ရက်နေ့

နောက်တစ်ခု

ထပ် ရ တယ်

“လွင်”  ၊၊    ၊၊

 

ငါ . . .

ဘယ် နေ့ မှ ငြိမ်း ရ မယ် မ သိ ဘူး

သွေး ရူး သွေး တန်း “မီး” တွေ

ငါ့ ကို

လောင် နေ ကြ တုန်း ပဲ ၊၊

 

အရှေ့ အရပ်တွင်ရှိသော “နင်”  . . . အေး ချမ်း ပါ စေ

အနောက် အရပ်တွင်ရှိသော “နင်”  . . . အေး ချမ်း ပါ စေ

တောင် အရပ်တွင်ရှိသော “နင်”  . . . အေး ချမ်း ပါ စေ

မြောက် အရပ်တွင်ရှိသော “နင်”  . . . အေး ချမ်း ပါ စေ

 

ငါ . . .

“နင့် ကို လွမ်း နေ တယ်”

တိုး တိုး လေး ပဲ

ပြော မိ တာ ဆို တော့

အ ကြာ ကြီး နေ မှ

ကြား ရ ချင် ကြား ရ လိမ့် မယ် ၊၊

 

ငါ . . .

အောက် တို ဘာ မှာ

(၁၃) ရက် နေ့

နောက် တစ် ခု

“ထပ်” ရ တယ်

“လွင်” ၊၊   ၊၊

ဇာတိ (DOI + HOE )

For : Bittersweet

 

Sunday, October 11, 2009

( မကြည်ဖြူ ကို မကြည်ဖြူ ဟု မသိခင်က ရေးထားသောကဗျာ )

အဖြူရောင်တစ်ခု

ပြုတ်

ကျ

လာ

တယ် ၊၊

ဘာနဲ့လုပ်ထားတဲ့ နှင်းဆီကို ပန်ထားတာလဲ ၊၊

ဘုံကြိုးက ကိုယ်နဲ့တည့်တည့်မှာ ပြတ်ပြီ ၊၊

ကမ္ဘာမြေဆွဲအား အလုပ်မလုပ်တော့ဘူး လား ၊၊

အသက်ရှုဖို့တောင်မေ့နေတာ ကံကောင်းလို့ မသေတယ် ၊၊

(ဖျား ပြီ)

ဟောဒီကအရိုင်းအစိုင်းအား မျက်စောင်းထိုး၍နှိမ်နှင်းပါ ၊၊

 

……………………………………………………………………………………….

 

အဖြူရောင် တစ်ခု

ပြုတ်

ကျ

လာ

တယ် ၊၊

ဘာနာမည်နဲ့ပွင့်တဲ့ ပန်းလဲ ၊၊

ရင်ထဲကမီးတောင်လေး ပေါက်ပါပြီ ၊၊

သတိဟာလက်ကနေ လွတ်ကျသွား … ၊၊

လေပြေတွေကို မျက်စိနဲ့မြင်တယ် ၊၊

(ဖျား ပြီ)

ဟောဒီကအရိုင်းအစိုင်းအား ကယ်လို့ရရင်ကယ်ပေးပါ ၊၊

 

………………………………………………………………………………………..

အဖြူရောင် တစ်ခု

ပြုတ်

ကျ

လာ

တယ် ၊၊

ဘာနဲ့မှကို မဆန့်တော့ဘူး

စကားတစ်ခွန်းဟာ ပါးစပ်ဖျားမှာတင် ဖျားတယ် ၊၊

                                                                                 

ဖြူ

ရောင်

တစ်

ခု

ပြုတ်

ကျ

လာ

 

Monday, October 5, 2009

အန္ဓအိပ်မက် ကဗျာကလပ် သို့ ခေါ် (ကွက်လပ်) ဆိုခြင်းပြုလိုပါလျှင် လိုင်းခွဲနံပါတ် အောက်ပါ ကဗျာသို့ …

ဇာတိး                         ကျီး ကန်း တွေ ရောက် လာ တော့
                                  တောင်း တွေ ဟာ မှောက် ကျ သွား
လင်းရမ္မား                     ကလီးကန်း ဆိုပြီး သန်ရာကို လဆွဲသံလိုက်လို့
                                  အသံသာလား မသာ လား ၊
                                  မိုက်သတဲ့ ဟဲ့ က မိုက်တာလား ၊
                                  ဒေသိယ စကားအရ ဆိုသည်ကို မိုက်သတဲ့လား ၊
                                  ရိုင်း ( Rhyme ) မှ လား ၊
                                  ပင့် ဟာလည်း ရစ်နိုင်သလို ... သလိုလည်း ပင့်သတဲ့ ၊
ဇာတိး                          ခု န က နေ မြင့် ပြီ ဆို တဲ့ သ တင်း
                                  လေ ထဲ က လာ တယ်
                                  တ ချို့  အ ရူး တွေ က
                                  သိပ် ရင့် တာ ပဲ ၊၊
လင်းရမ္မား                    ကျွန်ုပ် တို့ဟာ ခင်ဗျားတို့မှ မဟုတ်တာ
                                  ဘာတွေယုံရဦး (ရုန်း) မှာလဲ ...
                                  နည်းပညာမြစ်ထဲမှာတော့
                                  ကိုယ်တိုင်သေကဗျာသေကောင်ကြီးကို
                                   ခင်ဗျားတို့ နဲ့ မစီးဘူး ၊
                                   စီးနေတာကတော့ မြစ်သည်သာ ... ၊
ဇာတိး                          အ ကန်း ဆဲ တာ လား
လင်းရမ္မား                     အ-ကဲ-စမ်း-တာ-လား
ဇာတိး                          လူ သိ များ ချင် ရင်
                                   လူ များ သိ အောင်
                                   စပ် စု ထား တာ လေး တွေ
                                   ဆက် စု ထား . . . . ၊၊
လင်းရမ္မား                      မိုးလှိုင်ည ဟာ မိုးလှိုင်ည ဖြစ်တယ်
                                    မင်းယွန်းသစ် ဟု ခေါ်ဆိုပါရန်
                                    ဇာတိ ဟာ ဇာတိ ဖြစ်တယ်
                                    သူရဿဝါ ဟု ခေါ်ဆိုပါရန်
                                    သိုးထိန်း ဟာ သိုးထိန်း ဖြစ်တယ်
                                    လင်းရမ္မာ ဟု ခေါ်ဆိုပါရန်
                                    သောတ ဟာ သောတ ဖြစ်တယ်
                                    ကြက်သွန် ဟု ခေါ်ဆိုပါရန်
                                    ရိုးရာ ဟာ ရိုးရာ ဖြစ်တယ်
                                    ပိုးဥ ဟု ခေါ်ဆိုပါရန်
                                    သ လို သလို နဲ့ ဖျစ်ဖြစ်ဖျစ်ဖြစ် ဟာ..ဟ တဲ့ ၊
ဇာတိး                           မ ရှင်း ဘူး လား
                                    ရှင်း ရ မှာ လား
                                     ကဲ ...
                                     ဒီ က ဗျာ ဖိုး ဘယ် လောက် ကျ လဲ
လင်းရမ္မား                       ကဗျာသည် အလုပ်ဖြစ်ပါလျှင်
                                     ကိုယ့် ကဗျာကို ကဗျာကြပါရန် နှင့်
                                     ဈေးဆစ်ခြင်း ၊ စစ်ဈေးခြင်း ဖြင့်
                                     မထည့်ကြပါရန် ၊
ဇာတိး                            ကိန်း ကြီး ခမ်း ကြီး နိုင် တာ မ ဟုတ် ရ ပါ ဘူး
                                     ကိန်း ကြီး ခမ်း ကြီး မှ နိုင် တာ
                                     ဟုတ်၊မဟုတ် မ ရ ပါ ဘူး
                                     ကျီး ကန်း ကြီး စီး ပြီး
                                     စည်း ကြီး ကမ်း ကြီး ရှိ တဲ့ ဟန် နဲ့
                                                                               ပြန် ..
                                                                                       ပျံပါတော့မယ် ၊၊ ၊၊

 

 

For -------                                                  -----------------

Dream Of Inferior Poem Club

(( Zarti

 

Lynn Rammer ))