Wednesday, March 11, 2009

ချုပ်ရိုးပြတ်နေတဲ့ လူ

တစ်ခါပြီး တစ်ခါ

အမဲလိုက်နေရတော့

လမ်းတွေတောင် ပြဲရိလာပြီ ၊၊ ၊၊

သစ်ချောင်းခြောက်လေးကပြောတယ်

သူက အရင်ကဆို ဂစ်တာတစ်လက်ပါတဲ့

အခုတော့

မီးလှုံခံထားရရှာတယ်…

သစ်ပင်အဟောင်းတွေလည်း သေပြီ ၊၊

ဖန်ဆင်းရှင် နဲ့

ဖန်တီးရှင် ဆိုတာ

ဘာတွေကွာခြားလဲသိတဲ့အချိန်

သဲကန္တာရလေး ပြန်တောင်းရဦးမယ် ၊၊

ဘယ်အချိန်တောင်ရှိနေပြီလဲ

ပြတင်းပေါက်ကြီးကို ဖွင့်မေးတော့

မျက်နှာဖုံးတွေ အပြောင်းအရွှေ့များတဲ့ရာသီ

ကြယ်တွေ တဖွဖွ ကြွှေတဲ့ရာသီ ကိုရောက်နေပြီတဲ့ ၊၊

အရုပ်ကြိုးဖြတ်လက်တွေနဲ့

မတော်တဆ

မိတ်ဆက်ရတဲ့အခါတော့

ခေါင်းခါဖို့ သံပတ်ပေးထားရမယ် ၊၊

ဒါက…

ဦးနှောက်ထဲ လက်ထိုးပြီး

အန်ထားတဲ့ကဗျာ …

ဘယ်အယူအဆကိုမှ ထည့်မရေးထားဘူး ၊၊

နားမလည်ဘူး

ဘာတွေ လုပ်နေမှန်းနားမလည်ဘူး

ဘာတွေ ပြောနေမှန်းနားမလည်ဘူး

ဒါဆို.. ခင်ဗျားမှန်ပါတယ်

ဒီမှာ ကဗျာကလွဲပြီး ဘာမှမရှိဘူး ၊၊

ကျွန်တော်က ချုပ်ရိုးပြတ်နေတဲ့လူ

ဘာမှမရှိတာလေးကလွဲလို့

ဘာမှမရှိတဲ့လူ

ဖျက်ချထားတဲ့လူ

ဖြတ်ချထားတဲ့ လူ ၊၊

တစ်ခါပြီးတစ်ခါ

အမဲလိုက်နေရတော့

ကောင်းကင်တောင် ပွန်းရိနေပြီ ၊၊ ၊၊

No comments: