Wednesday, March 11, 2009

ဆောင်းကွယ်ည ရဲ့ နှင်းပွင့်ချိန်

ပုံပြင်ဟောင်းတွေလိုပဲ
ဆောင်းက သစ်လွင်ချမ်းရှလာခဲ့. . .
ဘာကြောင့်များ လမ်းဟောင်းလေးဆီ
ကြွေချင်နေသလဲ….နှင်းတို့ ရယ် ၊၊ ၊၊

ဒီဇင်ဘာည .. ဆိုတာ
( သေဆုံးတော့မယ့် ပြက္ခဒိန်လေးရဲ့ သေတမ်းစာ )
တိုးတိုးသက်သက် မှုတ်ငြိမ်းခဲ့သော အတိတ်က
ဖွဲ ဖွဲ ဖွ ဖွ လောင်မြိုက်နေခဲ့တယ် ၊၊

အလွမ်းဆိုတာကလည်း
မပြည့်တဲ့ဆုကို တောင်းနေရသလိုပါပဲ…
တစ်နေ့တစ်ခြားက မှတ်တိုင်လေးကိုငေး
ငါ့ မျက်စိ တို့ မောလာတယ် ကွယ် ၊၊

မျက်ကွယ်ရာအရပ်က အနွေးထည် အပြာလေး
ကိုယ် ရှိမယ့် အရပ်ကို ကျောခိုင်းနေမလား
ကိုယ် မရှိတဲ့ အရပ်မှာ နွေးမြရဲ့လား
ဖြေသူ မရှိတော့တဲ့ မေးခွန်းတွေ အတွက်
ဒီ နှုတ်ခမ်းတွေလည်း ကန်းနေခဲ့ပါပြီ ၊၊

အသစ်ပြန်ဖြစ်မလာတဲ့ ဆောင်းအတွက်
ကိုယ့် ရင်ဘတ်ကိုပဲ
ကွဲ အက် မှုန် ပွ အောင်
ဟောင်းမြေ့ပစ်လိုက်တယ် ၊၊

ပန်းရနံ့တို့ကလည်း အသက်မရှိသလို
ဖျော့ဖျကွယ်မှိတ်သွား…..
ဒီဇင်ဘာ နဲ့ ဆောင်းမှာ
ငါ့အတွက် ပွဲတော် တစ်ခုတစ်လေပါမလာခဲ့ဘူး ၊၊

ဒီဇင်ဘာ ရေ….
လွမ်း…ပေး…နေ…ရ…တာ
ရစရာကိုမရှိတော့ဘူး…
အလင်္ကာတွေလည်း ချွတ်ချော်တိမ်းမှိတ်
နှုတ်တိတ်နေလိုက်ပါတယ် ၊၊

လဲ့ ရည် မွန် အောင် … လဲ့ရည်မွန်အောင်
လဲ့….ရည်….မွန်….အောင်
စကားလုံးတွေ စိမ်းဖျတ်လွင့်စင်သွား
မင်းက ငါ မိုးမချုပ်ပစ်တတ်တဲ့
ညနေညိုလေးပါပဲ ကွယ် ၊၊

`အချစ်က ပြက္ခဒိန် တွေလို…
နာရီတွေလို … တစ်ချိန်လုံးငေးကြည့်နေကြဖို့မှမဟုတ်တာ
မေ့ ထား လိုက် ပါ မယ်
မေ့ ဖို့ ထား ခဲ့ လိုက် ပါ မယ် ….. ၊၊

မြင်ခွင့်မရတဲ့ …ဒီဇင်ဘာ
မမြင်ချင်တော့တဲ့ …ဒီဇင်ဘာ
လက် ဝဲ ဘက် က ည မှာ
ဒီည ဆောင်းကွယ်ခဲ့တယ် ၊၊

ဆောင်းကန္တာရ မှာ. . .
နှင်းပွင့် တို့ ရွှဲစင်စိုမြ ချင်တဲ့ သူရူး
အမှတ်မရှိဘူး ဆိုပါစေတော့
ကြက်ခြေခတ်တွေကို ဘောင်ခပ်ထားလိုက်မယ် ၊၊

ဒိုင်ယာရီ တစ်အုပ် နဲ့ ပြက္ခဒိန်တစ်ဆုပ်က
နှုတ်ဆက်လှောင်ရယ် သွားကြလေရဲ့….
-နောက်တစ်ခါ တွေ့ရင်
ငို မပြကြေး - တဲ့….. ၊၊ ၊၊

No comments: