Friday, August 21, 2009

အာဒံရဲ့ဝတ်ရုံအောက်မှာ နံရိုးအပိုတစ်ချောင်းရှိတယ်

ကျေးဇူးပြု၍ဖြစ်စေ ၊ မပြု၍ဖြစ်စေ

အဂတိတရား ၄ ပါး ငှားပါ ..

ပြန်ပေးပါ့မည်ဟု သဘောတူညီချက်ရေးဆွဲခြင်းဟာ

ပြန်ပေးဆွဲခြင်းလို့ သတ်မှတ်ချင်နေလား

ပြဒါးတစ်လမ်း ၊ သံတစ်လမ်းဖြစ်သွားတာတောင်

အကုန်လုံးကိုမှုတ်ငြိမ်းပြီးရှာဖွေနေတုန်း

အကုန်ယူချင်ယူပါ

အကုန်ပေးချင်ပေးပါ

အသက်တော့ချမ်းသာပေးပါ

လူဆိုးတွေက ကောက်ရိုးပုံတောင် ဓားပြတိုက်ကြပါတယ်..၊၊ ၊၊

အာဒံကြီးမှာ နံရိုးအပိုရှိခဲ့တာသေချာရင်

ရိုမီယိုမှာ အဆိပ်တစ်ခွက်အပိုရှိရမည်

ကျွန်တော့်ကို ထိုအဆိပ်အား ချုပ်၍တိုက်ပါ

ဒါနဲ့စကားမစပ်လို့ သူရဿဝါပြောတာကြားလိုက်တယ်

စကားမစပ်တာတောင် လေတွေကအရှည်ကြီးဖြတ်တိုက်သွားတယ်

ဖုန်းမပြောချင်လို့ ပုစွန်တောင်မြို့ဆီကျွန်တော်သွားခြင်းဖြစ်ပါတယ်

ပါးစပ်ပါလာတာတောင် ကျွန်တော်ဘယ်မှမရောက်လိုက်ပါ

နားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ

ကျွန်တော့်ထံသို့ မေးလ်ပို့ပါ

အသုဘပို့ပါ

ပို့ချင်တာပို့ပါ

လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ

ကျွန်တော်တောင်းပန်စကားတွေစုထားသည်

မကျေနပ်ခြင်းတွေစုထားသည်

စုချင်တာစုထားသည်

အာဒံကြီးမှာ နံရိုးတစ်ချောင်းအပိုရှိခဲ့ဖူးသည်ဆိုသောကြောင့်

ရိုမီယိုထံတွင်လဲ အဆိပ်ခွက်တစ်ခွက်အပိုရှိခဲ့ဖူးတာသေချာသွားသည်

ကျွန်တော့်ကို အဆိပ်ခွက်ဖြင့်ပက်ပါ

အဆိပ်ခွက်အားတိုက်ပါ

ဝတ်ရုံကိုဖျက်ပစ်မှမြင်ရမည်ဖြစ်သော်လည်း

ကျေးဇူးပြု၍ဖြစ်စေ ၊ ကျေးဇူးမပြု၍ဖြစ်စေ

ကျွန်တော့်အား အတိတရား ၄ပါးလုံးငှားလိုက်ပါ ၊၊

ပြန်မပေးတော့ဘူးထင်နေမှုသည်

ပြန်ပေးမှုနှင့်မသက်ဆိုင်ပါ

ပြဒါးတစ်လမ်း ၊ သံတစ်လမ်းဖြစ်သွားသော်လည်း

အကုန်လုံးအားထွန်းငြိ၍ရှာပါသေးသည်

အကုန်ပြိုလဲသွားပြီ

အကုန်ပြိုလဲသွားခြင်းတွင် အကုန်တည်ဆောက်ခွင့်ပြန်လည်ပါရှိလာပြန်သည်

အကုန်ပြန်တည်ဆောက်မည်ဆိုလျှင် အာဒံနှင့်ပြန်စရမည်

ထို့ကြောင့် အာဒံသည် ဝတ်ရုံကိုခြုံတော့မည်

နံရိုးအပိုတစ်ချောင်း ရှိလာတော့မည်

ထို့ကြောင့်

ရိုမီယို၏ အဆိပ်ခွက်ကို ကျွန်တော်သောက်သည်

ကျွန်တော့် ကို

အ . . သု . . ဘ . . ပို့ . . ပေး . . ပါ ၊၊ ၊၊

 

4 comments:

su wai said...
This comment has been removed by the author.
su wai said...

ကိုယ်တိုင်က ဒီလို ကဗျာပုံစံမျိုးတွေ မရေးတတ်ပေမယ့် ဖတ်ရတာတော့ သဘောကျတယ်...

ရေးတတ်သည်ဖြစ်စေ၊ မရေးတတ်သည်ဖြစ်စေ
ဒီလို ကဗျာမျိုးတွေ ဆက်ဖတ်နေပါဦးမည်...။

ခင်တဲ့
မချု

လင်းဦး(စိတ်ပညာ) said...

အင်း... အဆိပ်ခွက်မှန်း သိရက်နဲ့ သောက်ချင်တာ တစ်ယောက်တည်း မဟုတ်ပါဘူးဗျာ... အကုန်လုံးပါပဲ... မရှောင်နိုင်ကြပါဘူး...

Moe Hlaing Nya said...

လူဆိုးတွေက ကောက်ရိုးပုံတောင် ဓားပြတိုက်ကြပါတယ်..

ငါတို့ပေးထားလိုက်ရတာပဲ
နာကျင်မှုတွေနဲ့ ကဗျာတွေပြန်ယူလာခဲ့တယ်..
အဲဒီအဆိပ်ခွက်က ငါအရင်သောက်ခဲ့ဖူးတယ်
ဇာတိ...
ခင်ဗျား ဆက်မိုက်နိုင်ပါစေ...။