Tuesday, January 26, 2010

လွမ်းဖို့ကောင်းတဲ့ ကဗျာ

လွမ်းဖို့ ကောင်းတဲ့ ကဗျာကို
အခုကျွန်တော်စရေးတယ်
ဘယ်လောက်အထိလွမ်းဖို့ ကောင်းသလဲဆိုရင်
ဒီကဗျာထဲကိုတောင် သူမ မပါလာခဲ့ဘူး။

အဲ့ဒီတော့ သူမကို ကဗျာအစမှာတင်လွမ်းရတယ်
သူမဆိုတာ ကဗျာဆရာရဲ့ ချစ်သူဖြစ်လိမ့် မယ်
ဒီလို တော့ထင်ကြေးမပေးနဲ့ 
ကဗျာဆရာရဲ့ချစ်သူ ဟာ သူမမဟုတ်ဘူး
သူမကို လွမ်းတယ်ဆိုပေမယ့် 
သူမ မည်သူမည်ဝါမသိရ သိခဲ့ရလျှင်

ပိုလွမ်းကောင်းအောင်ရေးနိုင်မည်ထင်ပါရဲ့ … ၊၊

မျိုးကြီးရဲ့  အလွမ်းနဲ့ ရေးတဲ့ သီချင်းကို ကဗျာဆရာက
အလွတ်တီးတတ်ဆိုတတ်သည်။
လွမ်းဖို့ ကောင်းတာက အဲ့ ဒီသီချင်းကလည်း
ကဗျာထဲကို ပါမလာခဲ့ပြန်ဘူး။

အဝေးပြေးကားဂိတ်မှာ မနက်တိုင်းကားအဝင်ကို စောင့်နေတဲ့  ကာကီရောင်လောင်းကုတ်နဲ့ လူငယ်
ရင်းနှီးမှုတစ်လျှောက်လုံးမှာ အမှတ်တရအဖြစ် တစ်ကြိမ်သာရဖူးတဲ့ ဒိုင်ယာရီစာအုပ်
သူမမွေးနေ့ တနင်္ဂနွေတိုင်းတွင် အေးစေတီတွင်ကပ်လှုသော နှင်းဆီနီနှစ်ဆယ့်သုံးပွင့်
စာမေးပွဲဖြေရင်းမှင်ကုန်ပြီးလွှင့်ပြစ်ခဲ့သော သူမ၏ ရီနိုး ဘောပင်အနက်
သူမထံမှ ခွင့်ပြုချက်မရဘဲလဲလှယ်ခဲ့သော သူမ၏ ဂျပန်ဆူပါကပ်မှ လက်ကိုင်စွပ်အပြာရောင်
အားလုံးလွမ်းစရာကောင်းသော်လည်း
ကဗျာထဲသို့ ပါမလာခဲ့  အတိတ်တွင်ကျန်ခဲ့ သည်။

ဒီဇင်ဘာလ အဆောင်ရှေ့ မှ မီးပုံပွဲ
သူမအရိုးနွှင်ကျွေးခဲ့ သော ဆလားဗီးယားငါးတစ်ကောင်
ဖောလိုမီအပြာရောင်ရှန်ပူရနံ့ 
ဆယ်စွယ်ရောင်လက်သည်းဆိုးဆေး
မျက်တောင်ကော့ကော့လေးများ
သွားတက်ကလေးများ
ကဗျာထဲသို့ ရောက်အောင်သယ်ဆောင်လာခဲ့သော်လည်း
မကြာမီကာလကပင် ထွက်ပြေးသွားကြပြီ...။

လွမ်းစရာကဗျာတစ်ပုဒ်သည် အဆုံးသတ်တော့မည်။
ကဗျာထဲတွင် ကဗျာဆရာတစ်ဦးထဲသာ ကျန်ခဲ့ သည်။
အရာ အားလုံးအနားမှာမရှိတော့
နောက်ခံတီးလုံးမရှိ
သစ်ရွက်ကြွေတဲ့လမ်းမရှိ
ဖယောင်းတိုင်တွေ အများကြီးမထွန်းထား
ဂစ်တာတစ်လုံးလည်းရှိမနေ
ကဗျာဆရာတစ်ဦးတည်းနှင့်ပင်လွမ်းစရာတွေပြည့်နေသည်။
ဇာတ်သိမ်းပိုင်းတွင် ကဗျာဆရာမရှိတော့
လွမ်းနာကျပြီး သေဆုံးသွားပြီဖြစ်သည်။
မည်သူမှန်းမသိသော လူငါးဦးက ကဗျာဆရာ၏ အလောင်းကို သယ်ဆောင်သွားကြသည်။

သူမလည်းမရှိတော့

ကဗျာဆရာလည်းမရှိတော့

ကဗျာတဲတွင် သင်တစ်ယောက်ထဲသာကျန်တော့သည်။

. . . .
. . . .

သင်လွမ်းလို့ အရှိန်ရနေဆဲတွင်
သင်နှင့်အတူ ကဗျာသည် ပျောက်ဆုံးသွားသည်။
ဝေဖန်ရေးသမားများက ကဗျာမဟုတ်ဟုဆိုကာ
ကဗျာ၏ သက်တမ်းကို အဆုံသတ်ပေးလိုက်သည်။
ကဗျာဖြစ်လေမလားဟု ဖတ်လာကြသူတို့ သည်လည်း
ကဗျာမဟုတ်မှန်းသိသောအခါ ပြန်လည်ထွက်ခွာသွားကြသည်။


နောင် အနှစ်ဆယ်သန်းကြာသောအခါ
လူတို့ ကဗျာကိုလွမ်းကြလေသည်။...။





( ဖိုးခွား )

1 comment:

သိင်္ဂါကျော် said...

ကဗျာကို ဖတ်ရင်း ဘာကို လွမ်းရမှန်းမသိ လွမ်းသွားတယ်..