ငါ့ကို သေဒဏ်ပေးပါ …..
( ပြီးတော့ .. )
ငါ့ ကို အ မျှ ဝေ ပေး ပါ ကွယ် ၊၊၊ ၊၊
ဘူတာရုံလည်း ကျန်ခဲ့ပြီ
ရထားလည်း ကျန်ခဲ့ပြီ
ဇာတ်ဝင်ခန်း အရတော့
ငါက ရေထဲ ပန်းချီရေးခဲ့သူ
ပင်လယ်ဟာလည်း ကျန်နေခဲ့ပါပြီ ၊၊
ငါနဲ့ လိုက်ခဲ့သူမရှိ
ငါနဲ့ နေခဲ့သူလည်းမရှိ
ငါ့ နှုတ်ခမ်းတွေကိုငါ
တိတ်တိတ်လေး သတ်သေလိုက်ရတယ်
ငါ့ ကို အ မျှ ဝေ ပေး ကြ ပါ ကွယ် ၊၊
ငါ့ ကို ရွံ ပစ် လိုက် စမ်း ပါ
……… ရယ်
ငါ က မိုးရွာတဲ့နောက်ကိုလိုက်နေတဲ့
ကံဆိုးချင်သူ တစ်ကောင်
( မဟုတ်ဘူး )
ကိုယ့်ကိုကိုယ်ထိုင်ကြည့်နေတဲ့
အောက်တန်းစား တစ်ကောင် ပါ ၊၊
ရာသီဥတုတစ်ခုလုံးကို လှုပ်ခါချတာတောင်
နွေရာသီပဲ ကြွေ ကြွေ ကျလာတယ်
ငါ့မှာ အိမ်ပြန်ချိန်မရှိပါဘူး
ငါ့မှာ တံခါးတစ်ချပ်မရှိပါဘူး
ငါ့မှာ သော့တစ်ချောင်းမရှိပါဘူး
ငါ့မှာ ……..
ငါ့မှာ ဘာမှမရှိပါဘူး ၊၊
မထင်ပါဘူး
ငါက ရေထဲ ပန်းချီရေးခဲ့သူလေ
မ ထင် ပါ ဘူး ကွယ်
ဘယ်တော့မှ ပြီးဆုံးရလိမ့်မယ်လို့ .. ၊၊
မထင်ဘူးဆိုမှပဲ
လမ်းကလဲဆုံးသွားပါတော့တယ်
ငါ့ခြေထောက်တွေ ရှိနေသရွေ့လေးတော့
( ငါ ရဲရင့်ရပါဦးမယ် )
ငါ နင့်ကို …….
…… နင့် .. ကို ….
( ဒါလဲ မဟုတ်ပြန်ပါဘူးကွယ် )
ငါက ငါနှုတ်ခမ်းတွေကို
သတ်သေလိုက်ရပြီပဲ …၊၊
ဟုတ်တယ်….
ငါက … ငါ့ကိုယ်ငါ
သံမဏိကြိုးလို့ ထင်သွားတဲ့
ပင့်ကူအိမ်လေးပါ
ငါ့ ကိုယ် ငါ ရစ် ပတ် မိ ရင်း ပဲ
လေထဲက နန်းတော်လေးဟာ…..
ပျက်-လွင့်-ပြို-မွ
……………………………
ငါ့ ကို သေ ဒဏ် ပေး ပါ
( ပြီး ……. တော့ )
ငါ့ကို အမျှဝေပေးပါကွယ် ၊၊ ၊၊
( ဇာတိ )
Sunday, April 26, 2009
လေထဲဆောက်တဲ့ နန်းတော်
ဝတ်မှုန်တွေ ရိတ်သိမ်းခံလိုက်ရတဲ့နေ့
မကြာခင် ကြွရောက်လာတော့မယ့်
ခွဲခွာခြင်းတွေ....
တားဆီးဖို့အတွက် သက်သက်တော့
ငါ့လက်တွေ မဖြန့်တန်းခဲ့
ငါတို့ မြင့်မြတ်ကြပါတယ်ကွယ် ၊၊ ၊၊
ရွာမယ် လို့ ဆုံးဖြတ်ပြီးမှတော့
ငါတို့ မိုးတိမ်တွေ စိုက်ပျိုးကြမယ်
ပြီးတော့. . .
တစ်ယောက် မရှိတော့အောင်
တစ်ယောက်က ရွာသွန်းပစ်လိုက်ကြတာပေါ့ ၊၊
ကြိုးတွေ “ထက်” လာအောင်
ငါတို့ မသွေးတော့ဘူးကွယ်
ရောက်ရှိလာတော့မယ့်
ဝေးခွာခြင်းတွေကြောင့်
ငါ့ စာရွက်လေးတွေမှာ မိုးအုံ့နေရရှာတော့မယ်... ၊၊
တိုးတိုးဆိတ်ဆိတ် မျှော်လင့်ခြင်းတွေ
သွေးထွက်အောင် မှားခဲ့ပြီးပြီလေ
ဘာဖြစ်သေးလဲ
သုံးရာသီ မှတ်တိုင်လေး ရယ်...
ငါ သွေးတိတ်အောင် မှားပစ်လိုက်ပါ့မယ်ကွယ်...၊၊
နောင်တစ်ချိန်ဆို
ဘယ် “နား” မှာ နင် ရောက်နေမလဲ
ဘယ် “အသံ” မှာ နင်ရောက်နေမှာလဲ
ဟောဒီမှာတော့
ကိုယ့်ကိုကိုယ် အေးခဲပစ်နေတဲ့ မြောက်ဝင်ရိုးစွန်းတစ်ကောင်ရှိနေပါတယ် ၊၊
အကျယ်ကြီး အော်ခေါ်ပြီးတဲ့နောက်
ငါ နင့်ကို တိုးတိုးလေး ထွက်သွားခိုင်းရတော့မယ်
ငါကလည်း
ကျဉ်းကျဉ်းကလေး ဝင်လာပြီးတဲ့နောက်
......... ................. .............................
ငါလဲ တိုးတိုးလေးပဲ ထွက်ခွာသွားပါတော့မယ် ၊၊
“ဒီတစ်ခါ ဝတ်မှုန်တွေကျဲပက်ပြီးရင်တော့
အထိမ်းအမှတ် တောအုပ်လေးကို
ထူထောင်ကြတာပေါ့”
တစ်ကယ့်ကို ဘုရားစူးတာပဲ
အဲ့ဒီ့ ကတိစကားလေးဟာ မိုးကြိုးပစ်အချခံလိုက်ရတယ် ၊၊
ငါ့ကို စိုက်ပျိုးတဲ့လက်နဲ့ပဲ
ငါ့ကို ရိတ်သိမ်းပစ်လိုက်ပါ
အဆုံးအဖြတ်တွေအရဆိုရင်
ဝတ်မှုန်တွေကို ပေါက်ခွဲခဲ့တဲ့
ဘယ်ဆံနွယ်မှာမှ အပြစ်မရှိပါဘူး ၊၊
နင့်လက်ဖဝါးပေါ်က
ငါ့ မြို့တော်လေးကို ပစ်ချခဲ့...
ပြက္ခဒိန်ထဲမှာ အသစ်တပ်လိုက်ရတဲ့နေ့
( ဝတ်မှုန်တွေ ရိတ်သိမ်းခံလိုက်ရတဲ့နေ့ )
ငါ တို့ ထပ်မတွေ့တော့ဘူး
ငါ တို့ ထပ် မ တွေ့ ကြ ရ တော့ ဘူး ၊၊ ၊၊
“ဇာတိ”
Saturday, April 11, 2009
နေဝါရီ ( မောင်သိန်းဇော် )
အဲဒီသစ်ခြောက်ပင်လေးက
နေ့စဉ် မုန့်ဖုတ်သတဲ့
ပြီးတော့ ကဗျာလည်း ရေးသတဲ့
သူ့ကဗျာထဲမှာ
ကားတွေအတက်အဆင်းများလှတယ်
လှိုင်းအတွန့်တွေလည်း မေ့လျော့နေလွန်း
အိမ် မ ရှိ ဘူး ကွယ်
နှင်းတစိုစိုနဲ့ ကလေးနှစ်ယောက်တောင်
ရနေပါပြီဆိုတဲ့ မနက်ခင်းလေး
သူဆွတ်ဖို့ ငါ့ အသံတွေ ပေးခဲ့ ၊၊
( ဆရာမောင်သိန်းဇော်(မန္တလေး) ရဲ့ ကဗျာလေးပါ၊၊ ကျွန်တော့် ဘဝမှာ ကျွန်တော်
အချစ်ဆုံးကဗျာလေးဆိုလည်း ဟုတ်ပါတယ် ၊၊ ဖတ်ကြည့်စေချင်လို့
ပြန်တင်ပေးလိုက်ပါတယ် ၊၊ )
Friday, April 10, 2009
တယ်လီဖုန်း
တယ်လီဖုန်း
မထူးဘူး . . .
ကိုယ်ကလဲ
ဒုက္ခကိုအရောင်ဆိုးထားရသူပဲ
မထူးဘူး . . .
လူကြီးမင်းကိုယ်တိုင်က
ဆက်သွယ်မှု့ ဧရိယာပြင်ပမှာရောက်ရှိနေတာတဲ့
မထူးဘူး . . .
နံပါတ်တွေက
ကိုယ့်အတွက်မှ မအားလပ်ခဲ့တာလေ
မထူးဘူး . . .
လက်ကိုင် တစ်ခုစီပဲခြားနားနေပေမယ့်
လက်ကိုင် တစ်ခုစီစာမကတော့
ဝေးကွဲနေရ
မထူးဘူး. . .
နံ ပါတ် တွေ က ဆက် သွယ် မှု ဧ ရိ ယာ ပြင် ပ မှာ
လက်ကိုင် တစ်ခုစီမကမအားလပ်သေး
လူ ကြီးမင်းကိုယ်တိုင်က ဒုက္ခကိုဆေးရောင်ဆိုးထား
မထူးဘူး . . .
လေထုထဲမှာ မျှော်လင့်ချက်မရှိ
လေတွေတိုးတိုးလေးတိုက်နေလဲ
မျှော်လင့်ချက်ထဲမှာလေထုမရှိ
မထူးဘူး - မထူးဘူး . . .
ဖြစ်နိုင်မယ်ဆိုရင်ပေါ့
မထူးဘူး . . ဖြစ်နိုင်မယ်ဆိုရင်တောင် . . မထူးတော့ပါဘူး ၊၊ ၊၊
+ ဇာတိ +
နွေဦးဘာသာ
နွေဦးဘာသာ
နွေရာသီလေးထဲက
ဥသြတစ်ကောင် နှုတ်ထွက်သွားတော့
ကိုယ့်လက်ထဲက ပန်းချီတစ်ဝက်လေး
ငြိမ်းသွားတယ် ၊၊ ၊၊
အဖြူရောင်လွင်ပြင်ကြီးထဲ
အရောင်စုံဖူးချင်သူပါ
နွေရာသီကို ဘယ်သူခေါ်သွားမှန်းတောင်
မသိလိုက်မိဘူး ၊၊
အရင်တုန်းကလိုပါ
ဧပရယ်လ် က တစ်ရက်မှအပိုမပါသေး
တံခါးတွေ ထွက်သွားကတည်းက
ပြတင်းပေါက်ကလေးခမျာ
ငိုနေရှာတာပါပဲ ၊၊
ရောက်လာဖို့မသေချာဘူးဆိုပေမယ့်
အဲ့ဒီနေ့တွေဆီကိုပဲ
ကိုယ်ငေးငေးကြည့်နေရတာလေ....
သူတစ်ပါးတို့ ကံ့ကော်တွေ
အပြိုင်အဆိုင်ဖူးပွင့်နေတဲ့ နွေဦးထဲ
ကိုယ် အခုမှ ပိတောက်တွေစိုက်တုန်း ပျိုးတုန်း ....
+ဇာတိ+